အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများကို ပူဇော် ကန်တော့ကြမည်ဖြစ်ပြီး စာရင်းပေးသွင်းထားသည့် အရေအတွက်မှာ စုစုပေါင်း (၁၂၄)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများအား စုပေါင်း ကန်တော့ရန်အတွက် စာရင်းပေးသွင်းမှုကို စက်တင်ဘာလ (၂၁)ရက်နေ့အထိ လက်ခံခဲ့ရာ (၁၂၄)ဦး ရှိပြီဖြစ်ပြီး ယခုအခါမှာ အဆိုပါ အဘိုးအဘွားများအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များ၏ လှူဒါန်းမှုကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လက်ခံနေလျက်ရှိကြောင်း သိရသည်။
"အဘိုးအဘွားများအတွက် လှူဒါန်းချင်တယ်ဆိုရင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ကြိုတင်ပြီး လာလှူထားလို့ရပါတယ်၊ အဲ့လို မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လှူချင်တယ် ဆိုရင်လည်း ရပါတယ်၊ အောက်တိုဘာ(၁)ရက်နေ့မှာ ပြုလုပ်မဲ့ ပူဇော်ပွဲမှာ လာလှူလို့ရပါတယ်.. "ဟု မြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောလာသည်။
ယင်းအခမ်းအနားကို ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်မှာဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သက်ကြီးရွယ်အို အဘိုးအဘွား (၅၃)ဦးရှိခဲ့ကြောင်း သိရှိရသည်။