နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုများ လျော့ပါးစေရေးအတွက် လမ်းဆုံများ၌ ရိုက်မကွဲသည့် မှန်ဘီလူးခုံး (၂၁)ခုကို ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ အထူးစီမံဒဏ်ငွေ၏ ရန်ပုံငွေထဲမှ ကျပ်သိန်း(၄၀)ကျော်ကို ထုတ်ယူသုံးစွဲကာ ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က စတင်တပ်ဆင်လိုက်ပြီဖြစ်သည်။
ထိုသို့ တပ်ဆင်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်း ဦးဆောင်သည့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ကြက်ခြေနီများ စသည့်အဖွဲ့မှ ကနဦး တပ်ဆင်မှုအနေဖြင့် လမ်းဆုံနေရာ (၃)နေရာတွင် တင်ဆင်ပေးခဲ့ကြသည်။
ယခု တပ်ဆင်လိုက်သည့် မှန်ဘီလူးခုံး (၁)ခုလျှင် ကျပ် (၁၉၅,၀၀၀)ရှိပြီး စုစုပေါင်း (၂၁)ခုလျှင်
ကျပ်(၄,၀၉၅,၀၀၀) ကုန်ကျကြောင်းနှင့် ယင်းကုန်ကျငွေများသည် ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၏ အထူးစီမံဒဏ်ငွေ ရန်ပုံငွေများထဲက ထုတ်ယူသုံးစွဲ တပ်ဆင်လိုက်တာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့ပေါ် လမ်းဆုံများတွင် ဒုစရိုက်မှုများ လျော့ပါးရေး၊ ယာဉ်အန္တရာယ်များ
လျော့ပါးရေး အတွက် အထူးစောင့်ကြည့်သည့် အနေဖြင့် CCTV များကို (၁၀၀၀)မီဂါဗိုက်မှ (၂၀၀၀)မီဂါဗိုက်အထိတိုးမြှင့်ကာ မွမ်းမံ တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်း၏ ပြောပြချက်အရ သိရသည်။
ရိုက်မကွဲသည့် မှန်ဘီလူးခုံးများကို တပ်ဆင်မှုအဖြစ် (၁) ဂေါက်ကွင်းသွားလမ်းဆုံ၊ (၂) ကြက်ခြေနီရုံးဒေါင့်(မြို့ရှောင်လမ်း)၊ (၃) ဆန်ဆိုင်း အ.ထ.က ကျောင်းရှေ့၊ (၄) မကာဟိုခမ်း အ.ထ.က ကျောင်းရှေ့၊ (၅)ဟောင်လိတ် အ.ထ.က ကျောင်းရှေ့၊ (၆) ရန်အောင်မြေဘုရားကြီးကျောင်းတိုက်အနီး၊ (၇)ကားလေးကွင်းရှေ့၊ (၈) မြတ်လေးလမ်းဆုံ(ဆန်ဆိုင်း(ခ) )၊ (၉) ခတ္တာလမ်းဆုံ၊ (၁၀)မိုးသောက်ကြယ်ဟိုတယ်သွားလမ်းဆုံ၊ (၁၁) ပါလျှံ(၁)ဈေးသွားလမ်းဆုံ၊ (၁၂) ပုန်းထွန်အတက် လမ်းဆုံ၊ (၁၃) အောင်မြတ်ခန်းမရှေ့၊ (၁၄) ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ (၁၅) ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့၊ (၁၆) ပ.ဆ.င ရိပ်သာဒေါင့်၊ (၁၇) ဘုရင့်နောင်ဈေးလမ်းဆုံ၊ (၁၈) ရွှေတိဂုံဘုရားအဆင်းလမ်းဆုံ၊ (၁၉) ဂေါက်ကွင်းအဆင်းလမ်းဆုံနှင့် ရွှေတိဂုံအဆင်းသွားလမ်းဆုံ၊ (၂၀) ပုံလို့လမ်းဆုံ နှင့် (၂၁) ဆန်ဆိုင်းဈေးသွားလမ်းဆုံ စသည့်နေရာများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး အခြားလိုအပ်သည့် နေရာများတွင် တပ်ဆင်လိုပါက ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီသို့ တင်ပြနိုင်ကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် ယခင်က လမ်းဆုံများ၌ မှန်ဘီလူးခုံများကို တပ်ဆင်ထားရှိပြီးဖြစ်သော်လည်း၊ အချို့သော သူများ၏ မသမာစိတ်ဖြင့် ရိုက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရပြီးနောက် ယခုအခါမှာ ရိုက်ခွဲသော်လည်း မကွဲစေသည့် မှန်အမျိုးအစားကို တပ်ဆင်ထားရှိပြီး အဆိုပါ မှန်များအား ထပ်မံ၍ အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီးသူများကို သိရှိရပါက ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း သိရသည်။