၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု
တိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်
(၁)တာချီလိတ် နှင့် ဝေါလ်ဗီရှင် (မြန်မာ) တာချီလိတ် တို့ပူးပေါင်း၍ “လူကုန်ကူးမှု တိုက်ဖျက်ဖို့ တာဝန်ကိုယ်စီ ယူကြစို့ ” ခေါင်းစဉ်ဖြင့် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ နှင့် စာစီစာကုံးပြိုင်ပွဲ များကို တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာအထက် တန်းကျောင်း၌ ယနေ့ စက်တင်ဘာလ (၅)ရက်၊ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲအား အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း၊
အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် အခြေခံပညာမူလတန်းကျောင်း စုစုပေါင်းကျောင်း
(၂၁)ကျောင်းမှ ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ(၉၄)ဦး၊ စုစုပေါင်း(၁၈၅)ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား)၊ တွဲဖက်အတွင်းရေးမှူး ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး (ဝေယံလင်း ) ၊ အဖွဲ့ဝင်များ ဖြစ်သည့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ (မြတ်မျိုးမြင့်မာန်)၊ ဦးမောင်မောင်နိုင် (နိုင်မောင်မောင်) တရား လွှတ်တော်ရှေ့နေ နှင့် အထက်တန်းပြဆရာ ဦးတိုးလှိုင်တို့က ကြီးကြပ် ဆောင်ရွက်ပေးသည်။
အဆိုပါ ပြိုင်ပွဲများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ၊ တပ်ဖွဲ့စိတ်မှူး ယာယီရဲမှူး ရင်ရင်အေး နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာကြီး ဦးသန်းစိုး နှင့် ဆရာ၊ ဆရာမများ၊ ဝေါလ်ဗီရှင် (မြန်မာ)တာချီလိတ်မှ ညှိနှိုင်းရေးမှူး ဦးပီတာဖိုး တို့ က ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးပြီး၊ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား စက်တင်ဘာလ (၆)ရက်နေ့တွင် ကျင်းပမည့်ပြုလုပ်မည့် အခမ်းအနားတွင် ဆုချီးမြှင့်ပေးမည်ဖြစ်သည်။
ထို့အတူ တာချီလိတ်မြို့နယ်ရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆန်ဆိုင်း အခြေခံပညာ အထက်တန်းကျောင်း၌ စက်တင်ဘာ ၇ ရက်နေ့တွင် ပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ပြီး၊ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများဆက်လက် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း