နိုင်ငံတော်သမ္မတ အမည် အသုံးပြုကာ ဖုန်းမဲပေါက်သည်ဟု လိမ်လည်ဖုန်းဆက်ပြီး ငွေလွှဲခိုင်းမှု တာချီလိတ်၌ တစ်နေ့တည်း (၂)ခါဖြစ်ပွား

နိုင်ငံတော်သမ္မတ အမည် အသုံးပြုကာ ဖုန်းမဲပေါက်သည်ဟု လိမ်လည်ဖုန်းဆက်ပြီး ငွေလွှဲခိုင်းမှု တာချီလိတ်၌ တစ်နေ့တည်း (၂)ခါဖြစ်ပွား
စက်တင်ဘာ 3, 2015
By Tachileik News Agency

နိုင်ငံတော်သမ္မတမှ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ငွေများ ပိုလျှံနေ၍ ဆင်းရဲမွဲတေမှု လျော့ပါးရေး အတွက် ဖုန်းဝယ်ယူထားသူများကို လျှိုဝှက်ကာ ဖုန်းမဲနှိုက်ပေးရာမှ မဲပေါက်သည့်အတွက် ဆုငွေ ကျပ်(၂၈၅)သိန်းရရှိမှာဖြစ်ရာ ကနဦး အခွန်ငွေသွင်းရန်အတွက် ကျပ်(၁၃)သိန်းကျော်ကို ဘဏ်မှ လွှဲပေးရမှာဖြစ်ကြောင်း ဖုန်းဆက်ကာ လိမ်လည်သည့် ဖြစ်စဉ်တစ်ခု ယနေ့ စက်တင်ဘာလ(၃)ရက် နံနက် (၉)နာရီ (၅၆)မိနစ်အချိန်က တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သော်လည်း ဥာဏ်ဦး၍ ဆုံးရှုံးမှု မရှိလိုက်ကြောင်း လိမ်လည်ခံရသူမှ ပြောပြသည်။

ဖုန်းဖြင့် လိမ်လည်ခံရသူ မသန်းသန်းရီက "နိုင်ငံတော် သမ္မတက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေတွေပိုလို့ ဖုန်းဝယ်ယူထားသူများကို ရွေးချယ်ပြီး လျှိုဝှက်ဖုန်းမဲနှိုက်ပေးတဲ့အခါမှာ ကျပ်သိန်း (၂၈၅)သိန်း မဲပေါက်လို့ ဆက်သွယ်ပေးတာပါ၊ အခုလို ဆက်သွယ်ပေးလို့ ကျွန်တော့်အနေနဲ့လည်း တစ်ပြားမှ မရဘူး၊ ဒီဆုငွေကို ထုတ်ယူနိုင်ဖို့ ကျွန်တော်တို့ဆီကို ကျပ် (၁၃,၉၀၀,၀၀၀)ကို လွှဲပေးပါ၊ အဲ့လိုလွှဲပေးပြီးရင် ငွေထုတ်ရမဲ့ နေရာကို ညွှန်ပေးမှာပါ.."ဟု တစ်ဖက်မှ ဖုန်းဖြင့် ပြောလာကြောင်းကို တာချီလိတ်သတင်းအေဂျင်စီအား ပြန်လည်ပြောပြသည်။

ငွေထုတ်ယူနိုင်ရန်အတွက် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် နှင့် ဖုန်းကဒ်ဝယ်ယူစဉ်က ရရှိထားသော ဖုန်းကဒ်နှင့် ပတ်သက်၍ အချက်အလက် မူရင်းများကို ရှိရန်လိုအပ်ကြောင်း၊ အချက်အလက်များ စုံလင်ပါက ၎င်းတို့ ပြောထားသည့် သတ်မှတ်ငွေကြေးများကို လွှဲပေးရမှာဖြစ်ပြီး ၎င်းမှ တဆင့် တာချီလိတ်၌ ငွေထုတ်ယူရမည့် နေရာကို ညွှန်ကြားပေးမှာ ဖြစ်ကြောင်း၊ ပြောလာကာ ဖုန်းချသွားကြောင်း၊ ၎င်း၏ ဖုန်းအား ပြန်လည်ဆက်သွယ်သည့် အခါမှာလည်း ဆက်သွယ်၍ မရတော့ဘဲ၊ တယ်လီဖုန်း မအားသေးပါဟုသာ ဖုန်းမှ အချက်ပြပြောဆိုနေကြောင်း နှင့် ယင်းကိစ္စနှင့် ပတ်သက်၍ မသင်္ကာ၍  မသန်းသန်းရီမှာ တာချီလိတ် ဆက်သွယ်ရေးသို့ သွားရောက်ကာ မေးမြန်းခဲ့သည့်အတွက် ယင်းကိစ္စသည် အစဉ်အမှန် မဟုတ်ကြောင်း၊ လိမ်လည်မှုသာဖြစ်ကြောင်း နှင့် တာချီလိတ်၌ ယခုလို ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း စသည်ဖြင့် ဆက်သွယ်ရေးမှ တာဝန်ခံ ဒေါ်သန်းသန်းဋ္ဌေးမှ ရှင်းပြ၍ နားလည်သဘောပေါက်ခဲ့ကြောင်း သိရသည်။

မသန်းသန်းရီသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကိုင်ဆောင် အသုံးပြုနေသည့် CDMA 450 အမျိုးအစား 094903xxxx သို့ အမည်မသိသူမှ 0973115844 ဖြင့် ဆက်သွယ်လာကာ ယခုလို မက်လုံးပေး၍ ဆက်သွယ်လာတာဖြစ်သော်လည်း ငွေများကို မလွှဲပေးလိုက်သည့်အတွက် ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

တဆက်တည်း၌ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ဘုရင့်နောင်ဈေးတွင် ဈေးရောင်းပြီး CDMA 450 အမျိုးအစားဖုန်းအား ကိုင်ဆောင်ထားသည့် ဒေါ်မြမြသန်းအား အမည်မသိသူမှ 0973115844 ဖြင့် ဆက်သွယ်လာကာ အထက်ပါနည်းအတိုင်း လိမ်လည်ပြောဆိုရာ ဒေါ်မြမြသန်းမှ ရုံးများတွင် စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ရာ၌ လည်ဝယ်မှုမရှိကြောင်း အမျိုးသားကသာလျှင် ၀န်ထမ်းလုပ်ဆောင်ခဲ့ဖူးသည့် အတွက် လည်ဝယ်ကြောင်း ထိုကြောင့် ငွေထုတ်ယူရေးကိစ္စကို အမျိုးသားနှင့်သာ ပြောဆိုစေလိုကြောင်း ပြန်လည်ပြောလိုက်ရာ၊ တဖက်မှ အမျိုးသားသည် မည်သည့် လုပ်ငန်းကို လုပ်ကိုင်ကြောင်းမေးမြန်းရာ ဒေါ်မြမြသန်းက အမျိုးသားသည် ယခင်က ထွေ/အုပ်ဝန်ထမ်းလုပ်ခဲ့ကြောင်း ယခုအခါမှာ အငြိမ်းစားယူခဲ့ပြီးကြောင်း ပြောကြားလိုက်သည့်အတွက် တစ်ဖက်မှ ဖုန်းချသွားကြောင်းနှင့် ၎င်းဖုန်းအား ပြန်လည်ဆက်သွယ်သည့်အခါမှာ မကိုင်တော့ကြောင်း ဒေါ်မြမြသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အများသိစေရန်အတွက် ပြောပြသည်။

၂၀၁၅ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့ကလည်း တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်နေ ဒေါ်နန်းဆောင်ခမ်းမှ ကျပ်(၁၃)သိန်းခွဲကို အလိမ်ခံလိုက်ပြီး ငွေများဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုလို လိမ်လည်မှုများကို တားမြစ်နိုင်မည့် အနေအဖြင့် KBZ Bank တာချီလိတ်ဘဏ်ခွဲ တွင်လည်း သတိပေးစာတမ်းများကို ရေးသား၍ ကပ်ထားကြေညာသွားမှာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~