ကလောမြို့အနီး ရေယားရွာအကျော်တွင် ညဘက်အမှောင်ထဲ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကြောင့် ခရီးသွားပြည်သူတစ်ချို့ အထိတ်တလန့်ဖြစ်ခဲ့

ကလောမြို့အနီး ရေယားရွာအကျော်တွင် ညဘက်အမှောင်ထဲ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကြောင့် ခရီးသွားပြည်သူတစ်ချို့ အထိတ်တလန့်ဖြစ်ခဲ့
စက်တင်ဘာ 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနီး ရေယားရွာဘက်အကျော် ကားလမ်းအကွေ့တွင် ညဘက်အမှောင်ထဲ၌ ရဲတပ်ဖွဲ့များ၏ စစ်ဆေးမှုမှာ ခရီးသွားပြည်သူများအတွက် ထိတ်လန့်မှု ဖြစ်စေခဲ့ကြောင်း တောင်ကြီးမှ မန္တလေးသို့ သွားရောက်သည့် ခရီးသည်မိသားစု တစ်စုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားလာသည်။

"ပခုံးပေါ်မှာ နှစ်ပွင့်နဲ့ရဲ အပါအ၀င် (၁၀)ဦးလောက်ရှိမယ်၊ သူတို့ စစ်တာက အမှောင်ထဲမှာ စစ်တာ၊ ကားစက်ပိတ်၊ မီးလည်းပိတ်ဆိုပြီး အကုန်ပိတ်ခိုင်းပြီး ဓါတ်မီးနဲ့ ကားမောင်းသူရဲ့ အိတ်ကတ်တွေ ကားအတွင်းက ခရီးဆောင်အိတ်တွေ အကုန်လုံးကို စစ်တယ်၊ အဲ့ဒီနေရာကလည်း ဖုန်းလိုင်းလည်း မမိဘူး၊ အရေးအကြောင်း မဟုတ်မဟက်တွေဆိုရင် အခက်အခဲတွေ့နိုင်တယ်၊ ဘေးပတ်ဝန်းကျင်မှာ မှောင်မဲနေတာပဲ.."ဟု အဆိုပါ ခရီးသည် အမျိုးသမီး တစ်ဦးက ပြောသည်။

"သူတို့က ရဲဆိုပေမဲ့ ဘာရဲလည်းဆိုတာလည်း မသိရဘူး၊ စစ်ဆေးပါရစေဆိုပြီးတော့လည်း ခွင့်ပြုချက် မတောင်းဘူး၊ နောက်ပြီးအမှောင်ထဲမှာဆိုတော့ စစ်တဲ့ ရဲတွေရဲ့ မျက်နှာကိုတောင် ကောင်းကောင်း မမြင်ရဘူး၊ ကားပေါ်မှာ ပါလာတာက မိန်းကလေးတွေပဲ၊ စစ်ပြီးတော့လည်း တာဝန်အရ စစ်တာပါတို့၊ သွားလို့ရပါပြီလို့လည်း မပြောဘူး၊ သွားဖို့အတွက် ကားမီးကို ဖွင့်လိုက်တော့ နှစ်ပွင့်နဲ့ရဲက သူတို့ရှာတာကို မတွေ့တော့ မကျေမနပ်တဲ့ ပုံစံမျိုးနဲ့ အံကြိတ်နေတာတော့ သတိထားမိခဲ့တယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

ထိုသို့ စစ်ဆေးမှုသည် ၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ ည(၁၁)နာရီကျော်က ဖြစ်ပြီး မပြောမဆို စစ်ဆေးမှုများ၊ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စစ်ဆေးမှုများကြောင့် အဆိုပါ ခရီးသွားမိသားစုမှ အထိတ်တလန့်ဖြစ်စေခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~