တာချီလိတ်မြို့နှင့် ရပ်ဝေးမှ အလှူခံများ ပြဿနာ ( ဆောင်းပါး )

တာချီလိတ်မြို့နှင့် ရပ်ဝေးမှ အလှူခံများ ပြဿနာ ( ဆောင်းပါး )
စက်တင်ဘာ 24, 2015
By Tachileik News Agency

တာချီလိတ်မြို့ဟာ နယ်စပ်ဒေသဖြစ်တာနှင့် အညီ စီးပွားရေးဖွံ့ဖြိုးတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့ထက် ထူးခြားတာက တာချီလိတ်သူ၊ တာချီလိတ်သားတွေဟာ သဒ္ဓါတရား အလွန်ကောင်းကြပါတယ်။
လှူရေး၊ တန်းရေး၊ လက်မနှေးတဲ့မြို့ပါ။

တာချီလိတ်မြို့နှင့် ရပ်ဝေးမှ အလှူခံများ ပြဿနာ ( ဆောင်းပါး )။  ။ မောင်ယဉ်ကျေး

 ဒါကိုအခွင့်ကောင်းယူပြီး အနယ်နယ်အရပ်ရပ်ကနေ အဖွဲ့အစည်းအမျိုးမျိုး၊ ပရဟိတ အမျိုးမျိုးတွေဟာ မကြာမကြာ လာရောက်ပြီး နည်းမျိုးစုံနဲ့ အလှူခံလေ့ရှိကြပါတယ်။ ဒီလို အလှူခံတွေမှာလည်း အမှန်အကန်တွေရှိသလို အကြံအဖန်တွေကလည်း ဒုနဲ့ဒေးမို့ အရေးယူခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဒီအမှန်အကန်တွေ ထဲမှာကို ကန်ထရိုက် အလှူခံအဖွဲ့တွေက ရာခိုင်နှုန်းပိုများ
ပါတယ်။

ဘယ်လို ကန်ထရိုက်အလှူခံလဲလို့မေးရင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ ဒါမှမဟုတ် မိဘမဲ့
ခလေးကျောင်းတစ်ကျောင်းကျောင်းက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆရာတော်တို့ကျောင်းအတွက်
တပည့်တော်တို့ အလှူခံထွက်ပေးမယ်၊ ကျောင်းအတွက် အလှူငွေဘယ်နှစ်သိန်းပေးမယ်၊ ဆရာတော်က
ခွင့်ပြုကြောင်းစာထုတ်ပေးပါ ..... ဒီလိုမျိုးလုပ်တာပါ။ တာဝန်ရှိသူတွေကလည်း အလကားနေအလကား
ရမယ့်ငွေ ဆယ့်လေးငါးသိန်းကို ကျောင်းအတွက် အဖွဲ့အစည်းအတွက် အသုံးပြုနိုင်တာပေါ့လေလို့တွေးပြီး
လွယ်လွယ်ကူကူပဲ သဘောတူကြကာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ပေးလိုက်ကြတာပေါ့.... ဒါကို
အသုံးချပြီး ကိုယ်ကျိုးရှာကြတော့တာပါပဲ ။ တနည်းအားဖြင့် ဘာသာရေးနဲ့ ပရဟိတကို အလွဲသုံးပြီး
ကိုယ်ကျိုးရှာတာပါ။

အထူးသဖြင့် တာချီလိတ်မြို့ကို လာလေ့ လာထရှိတာက ပဲခူးတိုင်း(အနောက်ခြမ်း)ရဲ့မြို့တော်ကပါ။
တကယ်တော့ ဒီမြို့ဟာ ရာဇ၀င်လာရှေးဟောင်းမြို့ တစ်မြို့ဖြစ်သလို ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့ရဲ့ ထွက်ပေါက်ဖြစ်တာနဲ့ အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့မြို့ပါ။ မြို့သူမြို့သားတွေရဲ့ အားနဲ့တင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ မိဘမဲ့ပရဟိတကျောင်းတွေကို ဖူလုံစွာ ထောက်ပံ့ထားနိုင်တဲ့ အခြေအနေရှိပါတယ်။

ကဲဗျာ - ဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ ပရဟိတကျောင်းတွေအတွက် တကယ် လိုအပ်နေရင်တောင် မိုင်ပေါင်း ဒီလောက်ဝေးကွာတဲ့ နေရာတွေကိုလာပြီး အလှူခံဖို့ လိုမလားဗျာ၊
အနီးအနား မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် - မန္တလေး- မကွေး စတဲ့ ဒေသတွေမှာ အလှူခံယုံနဲ့တင် လုံလောက်
ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို လေ့လာမိပါတယ်။ တဖွဲ့ကို (၄)ဦးမှ (၈)ဦး၊ (၉)ဦးအထိ လာကြပါတယ်။ ခုနကပြောသလို စာရွက်စာတမ်းတွေ အပြည့်အစုံပါကြပါရဲ့ ။ သို့သော် ရန်ကုန်-တာချီလိတ် လေယာဉ်ခက အသွားအပြန်ဆိုရင် လူတစ်ယောက်ကို အနည်းဆုံး နှစ်သိန်းအထက်မှာ ရှိပါတယ်။ (၅)ယောက်ဆို ဆယ်သိန်းဗျာ ၊ သူတို့ တခါတခါလာရင် အနည်းဆုံး (၇)ရက်ပါ ။ဒီတော့ တည်းခိုခန်းခ ၊ စားသောက်စရိတ် စသည်ဖြင့် ဆယ့်ငါးသိန်းနဲ့ သိန်းနှစ်ဆယ်ကြားမှာရှိတယ်။

အဖွဲ့တစ်ဖွဲ့က သက်ဆိုင်ရာကို သူတို့ အလှူခံရရှိငွေ တင်ထားတာ တွေ့ပါတယ်။ ဆယ့်တစ်သိန်း ကျော်ကျော်ပါ ၊ ဒီတော့ ဈေးတွက် တွက်ရရင် ရှုံးနေတာပေါ့ဗျာ ။ ရှုံးနေပါလျှက်နဲ့ ဘာလို့ နှစ်တိုင်းလာနေကြသေးလဲ ၊ ရှင်းရှင်းလေးပါ၊ မရှုံးပါဘူး ၊ စာရင်းလိမ်ထားတာပါ။ ဒေသအာဏာပိုင် အဖွဲ့အစည်းကို လိမ်ထားသလို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေ ပရဟိတအဖွဲ့တွေကိုလည်း လိမ်မယ်ဆိုတာတော့ မြေကြီး လက်ခတ်မလွဲပါ။

ဒီ့ထက် လိမ်ထားတာတွေ ရှိပါသေးတယ်။ ဥပမာ- သက်ဆိုင်ရာဒေသအာဏာပိုင်က ခွင့်ပြုချက်ပေး
ရင်တောင် ခွင့်ပြုချက်မှာ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။ အလှူရှင်များထံက ကြေးမသတ်မှတ်ပဲ
စေတနာရှိသလောက်သာ အလှူခံရန် ၊ အတင်းအကြပ် အလှူခံခြင်းမပြုရန် စသည်ဖြင့်ပေါ့။ သို့သော် ရပ်ကွက်ထဲ လှည့်အလှူခံတော့ ပရဟိတကျောင်းသားတစ်ယောက်ကို ဘတ်ငါးရာ ၊ ဘတ်သုံးရာ သတ်မှတ်ထားပါတယ်။ ဘယ်နှစ်ယောက်စာလှူပါဆိုတာမျိုးတွေ ၊ ဟိုဖက်အိမ်ကတောင် ဘယ်နှစ်ယောက်စာလှူတာ ခင်ဗျားတို့လဲ ဘယ်နှစ်ယောက်စာတော့ လှူသင့်တာပေါ့ ဆိုတာမျိုးတွေ .... ဒါတွေကို တာချီလိတ်သားတွေ အများကြီးကြုံခဲ့ရပါပြီ။ တချို့အိမ်တွေဆို ဘတ်နှစ်ဆယ်လောက်ပဲလှူလို့ ပွစိပွစိ အလုပ်ခံသွားရတာတွေ ကြုံခဲ့ရသူတွေလည်း အများအပြားပါ။

နောက်တချက်က တာချီလိတ်မြို့က သဒ္ဓါတရားထက်သန်သူတွေရဲ့ အမည်ကို အလွဲအသုံးပြုခြင်းပါ။ ဥပမာ- မုတ်ဆိတ်ဦးမြင့်ဦးက ဘယ်လောက်လှူထားတယ် ၊ ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦးက ဘယ်လောက်လှူထားတယ် ဆိုပြီး စာအုပ်တွေထုတ်ပြတယ်။ ဒီတော့ မြို့ခံတွေက သြော် .. သူတို့တောင် ယုံယုံကြည်ကြည် လှူထားတာပဲဆိုပြီး ဘတ်လေး-ငါးရာ လှူလိုက်ကြတော့တာပေါ့ ။

ဒီသတင်းတွေ မကြာ မကြာကြားရလို့ ကာယကံရှင်တွေကို မေးကြည့်တော့ မဟုတ်ပါဘူးတဲ့ ၊ သူတို့ ကိုယ်တိုင် သူတို့အမည်တွေကို အလွဲသုံးသွားတာ အခုမှ သိကြရတယ်တဲ့ ..။

ဒီတော့ တာချီလိတ်မြို့သူမြို့သားတွေရဲ့ စေတနာကို အလွဲသုံးပြီး လိမ်လည်နေတဲ့ ပရဟိတအမည်ခံ ရပ်ဝေး အလှူခံတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ..

နှစ်နည်းရှိပါတယ် ။ သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ဒီအခြေအနေတွေကိုသိနေပြီမို့ အကယ်၍ အထက်အဆင့်ဆင့်က ထောက်ခံစာ အမျိုးမျိုးပါလာရင်တောင် ကျွန်တော်တို့မြို့မှာတော့ ဒီနှစ်ထဲ ဘယ်နှစ်ဖွဲ့ လာပြီးပြီမို့ နောက်ထပ်အလှူခံရန် မသင့်တော့ပါဘူးဆိုပြီး အလိမ္မာနည်းနဲ့ပထုတ်ခြင်း ၊ ဒါမှမဟုတ် ခင်ဗျားတို့ အဖွဲ့တွေ ဘယ်နှစ်နှစ်ဆက်တိုက်လာ ထားတာ မှတ်တမ်းတွေရှိပါတယ်။

ဆက်လက် ခွင့်မပြုတော့ပါဘူးဆိုပြီး ရဲရဲတင်းတင်းငြင်းဆန်တာမျိုး ဆောင်ရွက်သင့်သလို ၊ ကျွန်တော်တို့ မြို့ခံတွေကလည်း ဒီအကြောင်းတွေ သိနေပြီမို့ တစ်ပြားတစ်ချပ်မှ မလှူဘဲ အားမနာစတမ်း ငြင်းပယ်လိုက်ခြင်းဖြင့် ဘာသာရေးဗန်းပြ၊ ပရဟိတဗန်းပြတွေကို အဆိပ်ပင်ရေမလောင်းပဲ အမြစ်မှလှန်ပစ်လိုက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးရှင်။  ။ မောင်ယဉ်ကျေး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~