"ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ် ညှိနှိုင်းရေး ကော်မတီ"(CNCMC) ၏ သက်တမ်း(၂)နှစ် အလွန်တွင် ထိုင်းနိုင်ငံ အလုပ်သမားလူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အလွတ်သဘောအဖြစ် ၂၀၁၅ခုနှစ် စက်တင်ဘာလ(၈)ရက် နေ့လည်(၂)နာရီအချိန်က တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်ရှိ ခန်းမတွင် တွေ့ဆုံခဲ့ကြသည်။
ထိုင်းနိုင်ငံ အလုပ်သမားလူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ
ဖီးလဖတ်( Pheeraphat) ၊ General Inspector Mr. Suwitaya Jantawong ၊ အလုပ်သမားအမှုဆောင် ဒါရိုက်တာ Mrs.Chamaiporn Sintuprasit နှင့် ချင်းလိုင်းခရိုင် အလုပ်သမားလူမှုဖူလုံရေးဦးစီးမှူး Miss.Sujintanaတို့ ဦးဆောင်သည့် ထိုင်းနိုင်ငံ ပြည်နယ်အသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူများနှင့် အဖွဲ့ဝင်အင်အား(၆၀)ဦးတို့မှ လာရောက်ရာ မြန်မာဘက် "ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"(CNCMC) ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဦးအောင်ဖြိုးရှိန်၊ အတွင်းရေးမှူး ဦးစည်သူမောင် နှင့် ကော်မတီဝင် (၁၀)ဦးတို့မှ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအလယ်တွင် ကြိုဆိုခဲ့ကြသည်။
ထိုမှတဆင့် အဆိုပါ အဖွဲ့သည် တာချီလိတ်ရွှေတိဂုံစေတီတော်အား ဖူးမျှော်ကြည်ညိုပြီးနောက် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ သွားရောက်ကာ နဂါးနှစ်ကောင်ဆရာတော်အား ဖူးမျှော်သည်။
ထို့အတူ CNCMC ကော်မတီမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး အတွင်းရေးမှူး ဦးစည်သူမောင်က "ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် သက်တမ်းပြည့် ပတ်စပို့စ်နှင့်ဗီဇာကုန်ဆုံး၍ သက်တမ်းတိုးရန် သက်ဆိုင်ရာမြို့များ၌ လာရောက်သတင်းပို့စဉ် တရားဝင်ကုမ္ပဏီဝန်ထမ်း မဟုတ်သည့် ပွဲစားများမှ လမ်းခုလတ်တွင် ငွေကြေးများကောက်ခံရယူပြီး ခေါင်းပုံဖြတ်သည့် ဖြစ်စဉ်များရှိနေပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးနိုင်စေရန် အသိပေးတင်ပြဆွေးနွေးသည်။
ယင်းနောက် ထိုင်းနိုင်ငံ အလုပ်သမားလူမှုဖူလုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Mr.Pheeraphat မှလည်း ယခုလို အပြုသဘောဆောင်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေး တင်ပြချက်များမှာ အားရကျေနပ်ကြောင်း ၊ CNCMC ကော်မတီဝင်များမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံခြင်းကိုလည်း ကျေးဇူးအထူး တင်ရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားအပေါ် အလုပ်ရှင်များမှ တရားမဝင် လုပ်အားခများ ဖြတ်တောက်ခြင်း၊ လူကုန်ကူးခံရခြင်း ၊ ဥပဒေမဲ့နှိပ်စက်ခြင်းများ ခံရခြင်းကိုကြားသိလာပါက CNCMCမှ ၎င်းတို့ဌာနသို့ အချိန်နှင့် တပြေးညီ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် ဥပဒေဘောင်အတွင်းမှ တရားမျှတစွာ ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုလိုအဖွဲ့အစည်းမျိုး မြဝတီနှင့်မဲဆောက်မြို့တွင်လည်း ရှိထားသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။
အလွတ်သဘောတွေ့ဆုံခဲ့ကြပြီးနောက် အလုပ်သမားများနှင့်အလုပ်ရှင် စည်းကမ်းချက်များ၊ အလုပ်သမားရေးရာ အသိပညာပေးစာရွက်များအား ညွှန်ကြားရေးမှူးချုပ် မစ္စတာ Mr.Pheeraphat မှ CNCMC ကော်မတီသို့ ပေးအပ်သည်။
"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)သည် ၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က စတင်၍ ဖွဲ့စည်းခဲ့ရာ ယခု ၂၀၁၅ခုနှစ်ဆိုလျှင် (၂)နှစ်တိတိပြည့်ပြီဖြစ်ကြောင်း သိရသည်။