တာချီလိတ်၌ လမ်းဖြတ်ကူးသည့် လူငယ်တစ်ဦး ကားတိုက်ခံရပြီး ဒဏ်ရာဖြင့် သေဆုံး၊ မောင်းပြေးသူအား CCTV မှတ်တမ်းကြောင့် နောက်တစ်ရက်မှာ ဖမ်းမိ

တာချီလိတ်၌ လမ်းဖြတ်ကူးသည့် လူငယ်တစ်ဦး ကားတိုက်ခံရပြီး ဒဏ်ရာဖြင့် သေဆုံး၊ မောင်းပြေးသူအား CCTV မှတ်တမ်းကြောင့် နောက်တစ်ရက်မှာ ဖမ်းမိ
စက်တင်ဘာ 14, 2015
By Tachileik News Agency

တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် ဦးဆမ်ယီအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က ခြေလျင်လမ်းဖြတ်ကူးသူ အသက်(၁၀)နှစ်ကျော်ရှိ လူငယ်တစ်ဦးအား မော်တော်ကားဖြင့် အရှိန်ပြင်းစွာ မတော်တဆတိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ပြီးနောက် တိုက်ခံရသူ အဆိုပါ လူငယ်မှာ ဆေးကုသမှု ခံယူရင်း ဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်း နှင့် မောင်းနှင်ထွက်ပြေးသွားသူအား စက်တင်ဘာလ (၁၄)ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ပါဆပ်ရပ်ကွက် ဦးဆမ်ယီအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် လမ်းမ၏ ၀ဲဘက်မှ လမ်းယာဘက်သို့ ခြေလျင်လမ်းဖြတ်ကူးသူ အသက်(၁၀)နှစ်ကျော်ရှိ စိုင်းဆောင်ခမ်းအား အာခါဈေးမီးပွိုင့်ဘက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်အား ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စိုးရိမ်ရသည့် ဒဏ်ရာရရှိထားသော စိုင်းဆောင်ခမ်းသည် ဆေးကုသမှုခံယူရင်း ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ရာ ယာဉ်အား မဆင်မခြင် မောင်းနှင်တိုက်မိ ထွက်ပြေးခဲ့သူ ယာဉ်မောင်းအား တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာချီလိတ်မြို့ရှိ ကားဝပ်ရှော့များတွင် သွားရောက်စုံစမ်းခဲ့ကြကြောင်းနှင့် ဆက်လက်၍ အခင်းဖြစ်စဉ်နှင့် အနီးတစ်ဝိုက်တွင် CCTV ကင်မရာတပ်ဆင်ထားသည့် နေအိမ်သို့ အကူအညီတောင်းခံကာ ကြည့်ရှုစစ်ဆေးရာ တိုက်ပြေးသွားသော မော်တော်ယာဉ်မှာ Vigo အဖြူရောင် မော်တော်ယာဉ်ဖြစ်ကြောင်းသိရပြီး ဆေခမ်းဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရသည့်အတွက် ယာဉ်အမျိုးအစားအား အခိုင်အမာ သိရှိရပြီးနောက် လိုက်လံစုံစမ်းရာ ဆေခမ်းရပ်ကွက်ရှိ ကားဝပ်ရှော့ တစ်ခုတွင် အဆိုပါ ယာဉ်အား ပြုပြင်နေတာကို တွေ့ရှိရာ ဆက်စပ်ကာ ဖမ်းဆီးရမိတာဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်ပြီး တိုက်ပြေးသွားသည့် အသက်(၂၄)နှစ်ရှိ မောင်အိုက်လုသည် တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က မြို့တွင်းမှ မီးသွေးအိတ်ဝယ်ယူပြီး အပြန်၌ ဦးဆမ်ယီအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ အရောက်မှာ ရုတ်တရက် လမ်းမကြီးအား ဖြတ်ပြေးလာသူ လူငယ်တစ်ဦးအား အရှိန်မထိန်းနိုင်တော့ဘဲ ယာဉ်၏ ရှေ့ယာဘက်ခြမ်းနှင့် ၀င်ရောက်တိုက်မိကြောင်း ၎င်းမှ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ၀န်ခံထွက်ဆိုချက်အရ သိရသည်။

ဆက်လက်၍ တိုက်ခံရသူ လူငယ်သည် ဒဏ်ရာဖြင့် ကွယ်လွန်သွားသည့်အတွက် အမှုအား ပြစ်မှုပုဒ်မ ၃၃၈မှ ၃၀၄-ကသို့ ပြောင်းလဲ စစ်ဆေးလျှက်ရှိပြီး အမှုမှ ထွက်ပြေးသူ ယာဉ်မောင်း မောင်အိုက်လုအား တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားရှိပြီး ဥပဒေအရ အရေးယူထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~