သြဂုတ်လ(၅)ရက်နေ့က တာချီလိတ်မြို့မှတဆင့် ထွက်ခွာသွားပြီး ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းရန်အတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော တာချီလိတ်လူငယ်များကွန်ရက်မှ အဖွဲ့သားများသည် ရေဘေးသင့်ပြည်သူများထံ ယနေ့ သြဂုတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ရှိ ရေဘေးသင့်ပြည်သူများနေထိုင်သည့် ကျေးရွာ(၁၃)ရွာသို့ သွားရောက်ကာ ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တာချီလိတ်လူငယ်များကွန်ရက်မှ အဖွဲ့သားများသည် တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဂစ်တာတီးကာ သီချင်းဆိုပြီး အလှူငွေများ ကောက်ခံရာ အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ရရှိပြီး ၎င်းတို့ အနေဖြင့် ရေဘေးသင့်ပြည်သူများထံ လက်ဝယ်ရောက်ရှိရေးအတွက် သြဂုတ်လ(၅)ရက်နေ့ နံနက်(၇)နာရီက တာချီလိတ်မှ တဆင့် စတင်ထွက်ခွာခဲ့ပြီး ယနေ့ သြဂုတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်ခြမ်းသို့ သွားရောက်ထောက်ပံ့တာ ဖြစ်ကြောင်း သိရသည်။
မြန်မာပြည်တွင်း ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့သည့် အဖွဲ့မှာ (၇)ဖွဲ့ခန့်ရှိကြောင်း သိရသည်။
ဓါတ်ပုံ။ ။ တာချီလိတ်လူငယ်များကွန်ရက်