ထိုင်းတပ်မတော်နှင့် ပြည်သူများမှ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် လာရောက်လှူဒါန်း

ထိုင်းတပ်မတော်နှင့် ပြည်သူများမှ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် လာရောက်လှူဒါန်း
သြဂုတ် 4, 2015
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ခံစားနေရသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ထိုင်းတပ်မတော်နှင့် ပြည်သူများမှ လှူဒါန်းလာသည့် ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နှင့် မယ်ဆိုင်မြို့မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ သြဂုတ်လ(၄)ရက် နံနက်(၁၁)နာရီအချိန်က လာရောက်လှူဒါန်းရာ မြန်မာဘက်မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားဘေးရှိ ရွှေနန်းတော်ကုန်တိုက်တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဆပ်ဝပ်စမို့ ဦးဆောင်သည့် အဖွဲ့မှ လာရောက်လှူဒါန်းရာ မြန်မာဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့မှ ရေဘေးသင့် ပြည်သူများကိုယ်စား လက်ခံခဲ့ကြသည်။

ထိုသို့ လာရောက်ကာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းရင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ၎င်းတို့အနေဖြင့် ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက ကူညီပေးသွားမည်ဖြစ်ကြောင်း နှင့် တာချီလိတ်အတွင်း အထူးသဖြင့် ချစ်ကြည်ရေးတံတားပေါ် ရေကြီးရေလျှံမှုသည် ယခုထက်ပို၍ ဖြစ်ပေါ်လာပါက စက်ယန္တာရားများဖြင့်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း၎င်းမှ ကမ်းလှမ်းပြောဆိုသည်။

ဆက်လက်၍ ၎င်းတို့သည် တာလော့ဈေးအတွင်း ရေကြီးရေလျှံမှုနှင့် မယ်ဆိုင်ချောင်းအတွင်း ရေကြီးရေလျှံမှုများကို ကြည့်ရှုခဲ့ကြပြီး ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

တာချီလိတ်ခရိုင်အတွင်း သြဂုတ်လ(၄)ရက်နေ့သို့အကူးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းမှ တဆင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တာချီလိတ် - တာလေသွား ကားလမ်းမှာလည်း ပျက်စီးခဲ့ရပြီး၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာအုပ်စုတို့တွင် ရေကြီးရေလျှံမှုတို့ကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများကို ပေးအပ်သွားမှာ ဖြစ်ကြောင်းနှင့် အခြား ရေဘေးသင့် တိုင်းဒေသကြီးသို့လည်း ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပစ္စည်းများဖြင့် သွားရောက် ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~