ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ စေတနာရှင် အလှူရှင်များက ငွေကျပ်(၁၉,၀၅၀,၀၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ဘိလပ်မြေ နှင့် အိမ်မိုးသွပ်များအား မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)မှတဆင့် တာချီလိတ်မြို့သို့ သြဂုတ်လ(၁၃)ရက်၊ မွန်းလွဲ(၁)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့ ထိုင်းနိုင်ငံမှ စေတနာရှင် အလှူရှင်များ လာရောက်လှူဒါန်းရာတွင် ချစ်ကြည်ရေး တံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်၌ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ နှစ်နိုင်ငံနယ်ခြားကော်မတီဝင်များ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ထိုင်းနိုင်ငံမှ တပ်မတော်အမှတ်(၂) လှုပ်ရှားယန္တရားတပ်မှ ဒုတိယဗျူဟာမှူး ဗိုလ်မှူးကြီး ဆုမ် ယွတ်ထောင်ကောင့် နှင့် မယ်ဆိုင်မြို့ပိုင် မစ္စတာ နိုင်ဆုမ်ချိုင်း ဦးဆောင်သော အလှူရှင်(၇၀)ဦးအဖွဲ့က စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် တာဝန်ရှိသူများက လက်ခံယူသည်။
အဆိုပါ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းရာတွင် ဖယောင်း မြို့နယ် ကုန်သည်များအသင်းက ထိုင်းဘတ်ငွေ(၃၇၀,၀၀၀)တန်ဖိုးရှိ ဆန်၊ သောက်ရေသန့်၊ ခေါက်ဆွဲ၊ ဆေးဝါး ပစ္စည်းများနှင့် အလှူငွေ(၃၁,၈၀၀)ဘတ်၊ ချင်းရိုင်းခရိုင် သတင်းဌာန၊ တပ်မတော်အမှတ်(၂) လှုပ်ရှားယန္တရားတပ် နှင့် အလှူရှင်များက ထိုင်းဘတ်ငွေ (၅၀၀၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ချင်းရိုင်းခရိုင်၊ ဗစ်စီကုန်တိုက်မှ ထိုင်းဘတ် ငွေ(၂၀၀၀၀)တန်ဖိုးရှိ ငါးသေတ္တာ၊ ဆန် နှင့် စားဆီများ၊ ဖန်မြို့နယ်မှထိုင်းဘတ် (၅၀၀၀)တန်ဖိုးရှိ ဘိလပ်မြေ (၄၂)လုံး လှူဒါန်းသည်။
တဆက်တည်းမှာပင် မယ်ဆိုင် မြို့နယ်၊ ဟုန်ဖပလာဇာမှ ထိုင်းဘတ်(၁၀,၀၀၀)တန်ဖိုးရှိ စားသောက် ကုန်များ၊ မယ်ဆိုင်မြို့ ကယ်ဆယ်ရေး အဖွဲ့မှ ဘတ်ငွေ(၂၀,၀၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ချင်းရိုင်းခရိုင် ၊ စီပူးလင်းမှ ဘတ်(၁၀,၀၀၀)တန်ဖိုးရှိ စားသောက် ဖွယ်ရာများနှင့် မယ်ဆိုင်မြို့၊ ဆောစမိုင်းလ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဘတ် (၁၆,၆၀၀)တန်ဖိုးရှိ ဘိလပ်မြေ(၁၂၀)အိတ် နှင့် သွပ်(၃၀)ချပ် ၊ စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ(၅၃၃,၄၀၀)ဘတ် ဖြစ်ရာ မြန်မာကျပ်ငွေဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၉,၀၅၀,၀၀၀)ရှိကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း