တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်တွင် သြဂုတ်လ(၄)ရက်နေ့အကူးက ဖြစ်ပွားခဲ့သော ရေကြီး ရေလျှံမှုကြောင့် လမ်းတံတားများ ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ လူနေအိမ်များ ရေနှင့်အတူ မျောပါသွားခြင်း၊ နစ်မြုပ်သွားခြင်းတို့ကြောင့် ကျိုင်းလပ်အတွင်း ကယ်ဆယ်ရေး စခန်းများကို လှစ်ဖွင့်ထားရှိပြီး လတ်တလော ထောက်ပံ့ရေးအတွက် တာချီလိတ်မြို့နယ် အတွင်းရှိ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီ/မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းမှ စ၍ သွားရောက် ထောက်ပံ့နေပြီး ထိုသို့ သွားရောက်ရာတွင်လည်း လမ်းတံတားများ ကျိုးကျပျက်စီးနေသည့်အတွက် သွားလာရေ ခက်ခဲကြောင်း သိရသည်။
ယနေ့ သြဂုတ်လ(၅)ရက်နေ့တွင်လည်း ကျိုင်းလပ်ရေးဘေးအတွက် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်နှင့် သူရိယသင်္ကန်းတိုက်တို့တွင် အလှူခံထားရှိသည့် ရေဘေးထောက်ပံ့ပစ္စည်းများထဲမှ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ဝမ်ပုံဆိပ်ကမ်းမှ တဆင့်သွားရောက် ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ကိုနေမျိုး၊ သာစည်မျိုးသန့်