ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ၊ အိမ်သုံးဆေးဝါးမျိုးစုံ နှင့် စာသင်ကျောင်းများအတွက် ငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ စာသင် ခုံနှင့် ထိုင်ခုံများ လှူဒါန်းခြင်းကို သြဂုတ်လ (၃၀)ရက်၊ ညနေ(၃)နာရီခွဲ အချိန်က မိုင်းပါလျှိုး ကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းလှဝင်းက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး၊ ရေဘေးသင့် ပြည်သူများ အတွက် လှူဒါန်းပေးသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး နှင့် တာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း များအတွက် စာရေးခုံနှင့်ထိုင်ခုံ တစ်စုံလျှင် ငွေကျပ်(၇၅၀၀၀)တန်ဖိုးနှုန်းဖြင့် ငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ စာရေးခုံ အစုံ(၂၆၇)စုံ၊ ငွေကျပ်(၃၈၆၆၀၀၀)တန်ဖိုးရှိ အိမ်သုံးဆေးဝါးမျိုးစုံ ၊ ငွေကျပ်(၂)သိန်းတန်ဖိုးရှိ သောက်ရေသန့် (၆၀၀)ဗူး၊ ခေါက်ဆွဲဖာအသေး(၁၈)ဖာ နှင့် ကျောင်းသုံး ဗလာစာအုပ်ဒါဇင်(၃၀) တို့ကို ပေးအပ်လှူဒါန်းရာ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်စံ နှင့် ရပ်မိရပ်ဖတို့က လက်ခံယူပြီး၊ ဒေသခံတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး၊ ရေဘေးသင့် ပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းပွဲသို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ လားဟူတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလရှဲန် ၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထိုက် ၊ ပြည်နယ်စည်ပင် သာယာရေးဌာနရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ မြို့နယ်စည်ပင်သာယာရေးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင် နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုး တို့တက်ရောက်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နမ့်ကိုင်းကျေးရွာအတွင်းနှင့် တာလေ-ကျိုင်းလပ်လမ်းအပိုင်းရှိ ရေကြီးရေလျှံမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များအား လှည့်လည်ကြည့်ရှုရာ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ၀န်ကြီးက ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ဇောင်းညီ