ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် စေတနာရှင်များ လှူဒါန်းထားသည့် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ဧရာဝတီတိုင်း ဒေသကြီးသို့ လှူဒါန်းနိုင်ရန် ယနေ့ သြဂုတ်လ(၂၀)ရက်နေ့တွင် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ဘုရားကြီးမှ ဦးဆောင်စီမံကာ စေတနာရှင်များ၏ လုပ်အားဒါနဖြင့် အိမ်ထောင်စု (၂၀၀၀)ကျော်အတွက် စနစ်တကျ ထုပ်ပိုးနေလျက်ရှိကြောင်း သိရသည်။
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို စနစ်တကျ ထုပ်ပိုးရာ နေရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် အပါအ၀င် ကော်မတီသုံးရပ်မှ အဖွဲ့ဝင်များမှ လိုအပ်သည့် အကူအညီများကို ပေးနိုင်ရန်အတွက် လာရောက်ကြပြီး ဆရာတော်ဘုရားကြီးအား ဦးခိုက်ကြည်ညိုသည်။
ယခုလို ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းမည့် ပစ္စည်းများသည် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် စေတနာရှင်များမှ လာရောက်လှူဒါန်းထားသော ပစ္စည်းများ အပါအ၀င်ဖြစ်ပြီး ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင် အလှူခံဌာန နှင့် သူရိယသင်္ကန်းတိုက် အလှူခံဌာနတို့၌ လာရောက် လှူဒါန်းထားကြသော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင် နှင့် သူရိယသင်္ကန်းတိုက်တို့တွင် လာရောက်လှူဒါန်းထားကြသော ပစ္စည်းများကို ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းခြင်းမှာ ယခုအကြိမ်အပါအ၀င်ဆိုလျှင် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။