တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးသည် တပ်နယ်မှ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ(၇) ရက်၊ မွန်းတည့်(၁၂)နာရီ အချိန်က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာ အုပ်စု၊ နမ့်ကိုင်း ကျေးရွာသို့ရောက်ရှိကာ သြဂုတ်လ (၃) ရက်နှင့် (၄)ရက်နေ့များက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် လမ်း၊ တံတားများ ပျက်စီးခြင်း၊ လူနေအိမ် အဆောက်အဦများ ရေမျောပျက်စီးကာ ရေဘေးသင့် ပြည်သူများအား အလှူငွေ၊ စားသောက် ဖွယ်ရာများအား သွားရောက် ထောက်ပံ့ လှူဒါန်းပေးရာ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးတင့်အောင်က ကြိုဆိုနှုတ်ဆက်သည်။
ရှေးဦးစွာ တိုင်းမှူး နှင့်အဖွဲ့သည် နမ့်ကိုင်းဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ စစ်မြေပြင်ဆေးတပ်ရင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ မှ အထူးကုဆရာဝန်ကြီးများ၊ ကျိုင်းလပ်မြို့ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ ဥာဏ်လင်းထိုက် နှင့် သူနာပြု၊ သားဖွားဆရာမများ က ရေဘေးသင့်ပြည်သူများအား ကုသရေး နှင့် ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွက် စစ်ဆေးခြင်း၊ ကုသပေးခြင်းများ၊ ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ရေဘေးသင့်ဒေသများတွင် ၀မ်းပျက်၊ ၀မ်းလျှောနှင့် အဆုတ် အအေးပတ်ရောဂါများ၊ သွေးလွန်တုပ်ကွေး နှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု မရှိကြောင်း တာဝန်ခံဆရာဝန်က ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ တိုင်းမှူးက ရေဘေးသင့်ပြည်သူများအား အားပေး စကားပြောကြားပြီး၊ အလှူငွေကျပ် (၁၀)သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်စံ က လက်ခံယူသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစု က အလှူငွေကျပ်(၅)သိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း မိသားစုက အလှူငွေကျပ်(၃)သိန်းကို လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း နှင့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများကို လည်းကောင်း ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ကျိုင်းတုံ မှတဆင့် အိမ်ထောင်စု(၂၀) စု အတွက် ပစ္စည်း(၉)မျိုးပါထောက်ပံ့ရေး ပစ္စည်း များဖြစ်သည့် Family kit ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများကို လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကျိုင်းတုံကယ်ဆယ်ရေးဦးစီးဌာနမှ အိမ်ထောင်စု (၁၅၀)အတွက် ပစ္စည်း(၉)မျိုးပါ ထောက်ပံ့ရေးပစ္စည်းများကို လည်းကောင်း အလှူရှင်များက ပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖတို့က လက်ခံရယူပြီး၊ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထူး က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းအခမ်းအနားတွင် ဆန်(၁၇၂)အိတ်၊ ဆီ(၁၀၁)ဖာ၊ ငါးသေတ္တာဗူး(၄၉)ဖာ၊ သောက်ရေသန့်(၅၇၀)ဒါဇင်၊ ခေါက်ဆွဲဖာ(၁၇၃)ဖာ၊ ဖိနပ် အရံ(၁၂၀၀)၊ ပဲနို့ရေဗူး(၇)ဖာ၊ မုန့်မျိုးစုံ (၂)ဖာ၊ ဆပ်ပြာမှုံ့(၄)ဖာ၊ ဒယ်အိုး(၆၅)လုံး၊ စားဆီ (၃)ပီပါ၊ စက်သုံးဆီ(၃)ပီပါ၊ အ၀တ်အထည်(၅၄)ထုပ် ထောက်ပံ့ရာ ခန့်မှန်း တန်ဖိုးငွေမှာ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀,၂၈၆,၀၀၀)ရှိကြောင်းသည်။
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ(၅)ရက်နေ့တွင် ထောက်ပံ့ငွေကျပ် (၁၀၄၀၀၀၀)ကို လည်းကောင်း၊ ယနေ့ နံနက်က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဥက္ကဋ္ဌ ဒေါ်နန်းငွေမြ နှင့်အဖွဲ့က ငွေကျပ် (၄၄)သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်း(၁၆)မျိုးအား သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် နမ့်ကိုင်းကျေးရွာ၊ ၀မ်မီးမိုင်းကျေးရွာ၊ ကော်ကော့ကျေးရွာ၊ ပါနွန်-ကျက ကျေးရွာ၊ နန့်ဖျန်ကျေးရွာ နှင့် နမ့်ဝမ်း(၂) ကျေးရွာများမှ အိမ်ခြေ(၄၄)အိမ် ရေမျောပျက်စီးခဲ့ပြီး၊ ယင်းကျေးရွာများရှိ အိမ်ထောင်စု (၁၄၃)စု ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ယာဆေး၊ ဥာဏ်မြင့်ဦး