တာချီလိတ်အခြေစိုက် Eastern Eagle MC မှ တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ပြည်သူများထံသို့ ဘတ်(၁)သိန်းဝန်းကျင် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို သြဂုတ်လ(၁၁)ရက်နေ့က လက်ဝယ်အရောက် အဖွဲ့သားများနှင့်အတူ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့ နမ့်ကိုင်းချောင်းကိုဖြတ်ပြီး ဝမ်လန်း၂ ရွာနားက တံတားအကြီးကြီးပျက်နေတဲ့ လားဟူရွာအထိ ရောက်ခဲ့တယ်၊ ဒေသခံတွေကို ထောက်ပံ့ပေးတဲ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြတဲ့ တပ်မတော်သားတွေကိုလည်း ဆန်နဲ့အစားအသောက်ရေသန့်တွေ လက်ဆောင်ပေးခဲ့ပါတယ်"ဟု Eastern Eagle MC အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် အိမ်ထောင်စု (၉၀)စာအတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ခေါက်ဆွဲခြောက်၊ငါးသေတ္တာ၊ အိမ်သုံးဆေးဝါးမျိုးစုံ၊ ရေသန့် နှင့် အဝတ်အထည်များ ပါဝင်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်၊ ကျိုင်းလပ်ရေဘေးသင့် ဒေသသို့ အုပ်စုအလိုက်ဖြင့် သော်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့လိုက်သော် လည်းကောင်း၊ နိုင်ငံရေးပါတီများမှသော် လည်းကောင်း၊ သွားရောက် ကူညီ ပံ့ပိုးလျက်ရှိသော်လည်း အဓိကအားဖြင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေလျက်ရှိကြောင်း သိရသည်။