"စာအုပ် ကြိုက်သလောက်ယူ၊ ငွေ ကြိုက်သလောက် လှူပေး ရေဘေးကူညီရေး"အဖြစ် စာအုပ်များရောင်းချရာ (၄)ရက်အတွင်း ကျပ်(၃၆)သိန်းကျော်ဖိုး ရောင်းရ

"စာအုပ် ကြိုက်သလောက်ယူ၊ ငွေ ကြိုက်သလောက် လှူပေး ရေဘေးကူညီရေး"အဖြစ် စာအုပ်များရောင်းချရာ (၄)ရက်အတွင်း ကျပ်(၃၆)သိန်းကျော်ဖိုး ရောင်းရ
သြဂုတ် 15, 2015
By Tachileik News Agency

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထောက်ပံ့ လှူဒါန်းနိုင်ရန် စာအုပ်နှင့် ငွေကြေးလဲလှယ်မှု တစ်ရပ်အဖြစ် "စာအုပ် ကြိုက်သလောက်ယူ၊ ငွေ ကြိုက်သလောက် လှူပေး ရေဘေးကူညီရေး" အဖြစ် ပြုလုပ်ကာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ သြဂုတ်လ(၁၂)ရက်မှ သြဂုတ်လ(၁၅)ရက်နေ့အထိ ရောင်းချရာ ဘတ်ငွေနှင့် ကျပ်ငွေ စုစုပေါင်း ကျပ်(၃၆)သိန်းကျော် ရရှိကြောင်း သိရသည်။

ပထမနေ့တွင် ၀ယ်ယူသူ (၁၀၂)ဦးရှိခဲ့ရာ ရောင်းထွက်သွားသည့် စာအုပ် အရေအတွက်မှာ (၆၀၅)အုပ်ဖြစ်ပြီး ထိုင်းဘတ်ငွေမှာ (၃၁,၆၀၀)ဘတ် နှင့် ကျပ်ငွေ (၆)သိန်းတိတိရရှိရာ ကျပ်ငွေပေါင်းသော် ကျပ်ငွေ စုစုပေါင်း (၁၆)သိန်းကျော် ရရှိကြောင်း နှင့် ဒုတိယနေ့တွင် စာအုပ်(၄၆၈)အုပ် ရောင်းချခဲ့ရပြီး ကျပ်ငွေဖြင့် (၁၆၃,၃၀၀)ကျပ် နှင့် ထိုင်းဘတ်ငွေ (၁၅,၄၄၀)ဘတ် ရရှိကြောင်း သိရသည်။

တတိယနေ့ဖြစ်သည့် သြဂုတ်လ(၁၄)ရက်နေ့က စာအုပ်(၄၂၃)အုပ် ရောင်းချခဲ့ရပြီး ဘတ်ငွေဖြင့် (၁၉,၂၅၀)ဘတ် ကျပ်ငွေဖြင့် (၁၉၁,၀၀၀)ကျပ် ရရှိကြောင်း နှင့် စတုတ္ထနေ့ဖြစ်သည့် ယနေ့ သြဂုတ်လ(၁၅)ရက်နေ့တွင် စာအုပ် (၄၅၀)အုပ်ရောင်းချနိုင်ခဲ့ရာ ကျပ်ငွေ(၉၉,၉၀၀)ကျပ် နှင့် ဘတ်ငွေ (၁၃,၃၅၇)ဘတ် ရရှိကြောင်း သိရသည်။

(၄)ရက်ပေါင်းတွင် စာအုပ်ပေါင်း (၂၁၄၆)အုပ် ရောင်းချနိုင်ခဲ့ပြီး အလှူငွေထည့်ဝင်သည့် ကျပ်ငွေ နှင့် ထိုင်းဘတ်ငွေ စုစုပေါင်း (၃၆)သိန်းကျော် ရရှိကြောင်း နှင့် စာအုပ်များ လာလှူသည့် အလှူရှင်များမှလည်း ရသစုံစာအုပ် (၁၀၀၀)ကျော်ကို  လာရောက်လှူဒါန်းကြကြောင်း သိရသည်။

ယခုလို စာအုပ်များကို ရေဘေးသင့်ပြည်သူများအတွက် ရောင်းချနိုင်ရန် ကနဦး မတည်သူများအဖြစ် စာရေးဆရာ သွန်းနေစိုး ( ဒဿကျော်စွာ )မှ ၎င်းရေးသား ထုတ်ဝေထားသည့် စာအုပ်များကို ပံ့ပိုး လှူဒါန်းပေးထားပြီး တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ( ကဖေး နှင့် အအေး ) စားသောက်ဆိုင်တို့မှ ရသစုံစာအုပ် အမြောက်အများကို ပံ့ပိုးလှူဒါန်းပေးထားကြောင်း နှင့် ယင်းစာအုပ်ရောင်းချမှု အစီအစဉ်ကို တာချီလိတ်မြို့ရှိ လူငယ်များမှ ရေဘေးသင့်ပြည်သူများအတွက် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြတာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် "စာအုပ်ကြိုက်သလောက်ယူ၊ ငွေကြိုက်သလောက် လှူပေး ရေဘေးကူညီရေး"အဖြစ် သြဂုတ်လ(၁၂)ရက်မှ (၁၅)ရက်နေ့အထိ ရောင်းချပေးခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် စာအုပ်များကို သြဂုတ်လ(၁၈)ရက်နေ့တွင် ပြန်လည်၍ နံနက်(၁၀)နာရီအချိန်မှ ည(၉)နာရီအချိန်ထိ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ယခု စာအုပ်ရောင်းရသည့် ငွေကြေးများအားလုံးသည် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေးဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် အသုံးပြုမှာဖြစ်သည့် အတွက် စာအုပ်ရောင်းချရာသို့ အလှူငွေများသော်လည်းကောင်း၊ စာအုပ်များသော်လည်းကောင်း လာရောက် လှူုဒါန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~