မြန်မာ - ထိုင်း နယ်စပ်ရှိ မယ်ဆိုင်ချောင်းအတွင်း ထိုင်းလယ်သမား (၃၀၀)ကျော်မှ ခွင့်ပြုချက်မဲ့ သဲအိတ်များဖြင့် ရေတားပြုလုပ်

မြန်မာ - ထိုင်း နယ်စပ်ရှိ မယ်ဆိုင်ချောင်းအတွင်း ထိုင်းလယ်သမား (၃၀၀)ကျော်မှ ခွင့်ပြုချက်မဲ့ သဲအိတ်များဖြင့် ရေတားပြုလုပ်
သြဂုတ် 31, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်ပြီး တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ဖြတ်သန်းစီးဆင်းနေသော မယ်ဆိုင်ချောင်းပေါ်တွင် ထိုင်းနိုင်ငံဘက်မှ လယ်သမားများက ရေလွှဲယူရန်အတွက် ချောင်းအလယ်တွင် ရေတားပြုလုပ်မှုကို တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်တွင် ခွင့်ပြုချက်မဲ့ ဆောင်ရွက်ရာ မြန်မာဘက်မှ ပြည်သူလူထုမှ စောင့်ကြည့် ကန့်ကွက်ကြသော်လည်း ထိုင်းဘက်က ချောင်းအလယ်ထိ သဲအိတ်များချထားစေခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ကနဦးတွင် ယနေ့ သြဂုတ်လ(၃၁)ရက် နေ့လည်ပိုင်းမှာပင် မြန်မာ - ထိုင်း နယ်ခြားကော်မတီတို့မှ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို တာချီလိတ်မြို့တွင် ပြုလုပ်စဉ် ထိုင်းဘက် လယ်ယာစိုက်ပျိုးရေးအတွက် ငှက်ပျောဆိပ်၌ သဲအိတ်များချထားရေး ကိစ္စကို ခွင့်ပြုတောင်းခံသည့် အနေဖြင့် ထိုင်းဘက်မှ တာဝန်ရှိသူများက ထည့်သွင်းဆွေးနွေးနေချိန်နှင့် တချိန်တည်းမှာပင် ခွင့်ပြုချက်မရသေးဘဲ၊ နောက်ကွယ်၌ လယ်သမားများမှ ခွင့်ပြုချက်မဲ့စွာဖြင့် သဲအိတ်များကို လူအင်အား (၃၀၀)ကျော်ကို အသုံးပြု၍ ချောင်းအလယ်ထိ ချထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ သဲအိတ်များ ချထားမှုနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံများမှ ရောက်ရှိသွားပြီး ကြည့်ရှုရာတွင် ထိုင်းဘက်မှ သဲအိတ်ချနေသော လယ်သမားတစ်ဦးသည် ထင်းခုတ်ဓါးအား ကိုင်ဆောင်ကာ မြန်မာဘက်ကမ်းထဲ ကျူးကျော်ဝင်ရောက်ခဲ့ရာ မြန်မာဘက်က ပြည်သူများမှ ၀ိုင်းဝန်း ဟန့်တားလိုက်သည့်အခါမှာ ၎င်းနှင့်အတူ ပါလာသည့် ဓါးမှာ မြန်မာဘက်တွင် ကျန်ရစ်ခဲ့ပြီး ၎င်းသည် ထိုင်းဘက်သို့ ပြန်လည်၍ ထွက်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို တွေ့မြင်ရသူ တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

 ယင်းနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို့ပါဝင်သည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ထိုင်းဘက်သို့ ဆက်သွယ်ကာ ယင်းကိစ္စနှင့် ပတ်သက်၍ ရပ်တန့်ရန် ပြောဆိုညှိနှိုင်းရာ၊ ရပ်တန့်သွားပြီး၊ ထိုင်းဘက် တပ်မတော်မှ ရောက်ရှိလာကာ သဲအိတ်အနည်းငယ်ကိုသာ ပြန်လည် ဖယ်ရှားပေးခဲ့သော်လည်း ချောင်းအလယ်တွင် သဲအိတ် တော်တော်များများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

"ထိုင်းဘက်က လယ်သမားတွေအနေနဲ့ ရေရယူသုံးစွဲတာကို ကျွန်တော်တို့က ဘာမှမပြောပါဘူး၊ ချောင်းထဲက ရေတွေကို စက်နဲ့ စုပ်ယူသွား ဘာမှမဖြစ်ဘူး၊ အခုက ချောင်းလယ်မှာ ရေတားလုပ်ပြီး ရေကို ရယူတော့၊ ရေတားကြောင့် ရေကြီးရေလျှံ ဖြစ်တဲ့အခါ ကျွန်တော်တို့ပဲ နစ်နာဆုံးရှုံးရတာပါ..၊ ဒါကြောင့်လည်း သူတို့လုပ်တာကို ကျွန်တော်တို့ဘက်က လုံးဝ တားနေရခြင်းဖြစ်ပါတယ်.."ဟု မယ်ဆိုင်ချောင်းအနီးနေ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယခုလို ဖြစ်စဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က ၀ါးဆိပ်၊ ဂရင်းဆိပ် နှင့် ငှက်ပျောဆိပ်တို့တွင် ရေတားများကို မြန်မာဘက်မှ တရားဝင် ဖယ်ရှားသည်နှင့် ပတ်သက်၍ ထိုင်းလယ်သမား (၂၀၀)ကျော်မှ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ချစ်ကြည်ရေးတံတား၏ တံခါးအား ၎င်းတို့၏ သဘောဖြင့် သော့ခတ်၍ ပိတ်ကာဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~