အာခါတိုင်းရင်းသားများ နေထိုင်သည့် ကျေးလက်ဒေသများရှိ စာသင်ကျောင်းများတွင် အာခါတိုင်းရင်းသား ဘာသာကို သင်ကြားပေးရာတွင် သင်ရိုးညွှန်းတမ်း စာအုပ်ထွက်ရှိရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)ရှိ အာခါစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီရုံးတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်းရှိ အာခါတိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးမှုကို သြဂုတ်လ(၂၉)ရက်နေ့မှ သြဂုတ်လ(၃၁)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအား အာခါစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ဦးအားဖါမှ တက်ရောက် ဖွင့်လှစ်ပေးကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်ကိုယ်စားပြု တက်ရောက်ခဲ့သူ ဦလွန်းသူက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ "အာခါတိုင်းရင်းသားများကို အာခါတိုင်းရင်းသား ဘာသာစာနဲ့ ပတ်သက်ပြီး လစ်လပ် မသွားစေဖို့အတွက် အာခါတိုင်းရင်းသားများရှိတဲ့ ကျေးရွာတွေထဲက ကျောင်းတွေမှာ တစ်ရက်ကို တစ်နာရီနှုန်းနဲ့ သင်ကြားပေးနိုင်ဖို့ပါ၊ အဓိက ကတော့ ကျောင်းစတက်တော့မဲ့ ကလေးတွေကို သင်ပေးမှာပါ၊ အခု အလုပ်ရုံဆွေးနွေးပွဲကိုတော့ ရှမ်းအရှေ့က ကိုယ်စားလှယ် တော်တော်များများ လာရောက်ကြပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ယခုလို ကျင်းပပြုလုပ်သည့် အာခါတိုင်းရင်းသား ဘာသာ သင်ရိုးညွှန်းတမ်း စာအုပ်ထွက်ရှိလာနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲသည် တတိယအကြိမ်ဖြစ်ပြီး (၂၀၁၆-၂၀၁၇)ပညာသင်နှစ်အတွင်း အာခါတိုင်းရင်းသား ကျေးရွာများရှိ စာသင်ကျောင်းများတွင် အာခါတိုင်းရင်းသားလူမျိုးများအနေဖြင့် အာခါစာပေ ပညာသင်ကြားနိုင်ရေးကို အထူး ရည်ရွယ်ကာလုပ်ဆောင်တာ ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
သုံးရက်တိုင်တိုင်ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲသို့ အာခါစာပေ ပညာရှင်များ၊ မြို့နယ်အသီးသီးမှ အာခါ
စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌများနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။