ကျပ်သိန်း(၄၅၀)ကျော်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ ပဲခူးတိုင်း အနောက်ခြမ်းသို့ အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ထောက်ပံ့ရန် တာချီလိတ်မှ စတင်ထွက်ခွာ

ကျပ်သိန်း(၄၅၀)ကျော်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ ပဲခူးတိုင်း အနောက်ခြမ်းသို့ အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ထောက်ပံ့ရန် တာချီလိတ်မှ စတင်ထွက်ခွာ
သြဂုတ် 11, 2015
By Tachileik News Agency

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ် ထောက်ပံ့ ပေးအပ်လှူဒါန်းနိုင်ရန် အတွက် တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၄၅၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို မော်တော်ယာဉ်(၄)စီးဖြင့် တင်ဆောင်ကာ ယနေ့ သြဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ အလင်းရောင်ပရဟိတ အသင်း၏ ဆွမ်းလောင်းမဏ္ဍပ်မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။

"တစ်အိမ်ထောင်စု တစ်စုကို တစ်ထုပ်နှုန်းနဲ့ ထောက်ပံ့ပစ္စည်း အစုံအလင်ပါတဲ့ အထုပ်ကြီး(၁၈၀၀)ကျော်ကို၊ (၁၀)ဘီးကားတစ်စီး၊ မှန်လုံ(၁)စီး၊ ကန်ဒါ(၁)စီး၊ ဟိုင်းလပ်(၁)စီးနဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ အနောက်ဘက်ခြမ်းအထိ သွားရောက်ပြီးတော့ ရေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့သွားမှာဖြစ်ပါတယ်.."ဟု အလင်းရောင်ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောပြသည်။

"ကျွန်တော်တို့ အသင်းကနေပြီးတော့ ဒီခရီးစဉ် မထွက်ခွာမီ ရက်ပိုင်းက ကျိုင်းလပ် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မှုအဖြစ် (၂)ကြိမ် ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်၊ ဆက်လက်ပြီးတော့လည်း ထောက်ပံ့သွားဖို့ အစီအစဉ်ရှိပါတယ်.."ဟု ၎င်းမှ ဆက်လက် ပြောပြသည်။

ယခု သွားရောက် ထောက်ပံ့သည့် ပစ္စည်းများသည် ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း နှင့် မယ်ဆိုင်မြို့ရှိ မြန်မာနိုင်ငံသား စေတနာရှင်များ၊ ထိုင်းနိုင်ငံသား စေတနာရှင်များနှင့် တာချီလိတ်မြို့မှ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းထားသော ပစ္စည်းများ အပါအ၀င်ဖြစ်ပြီး ထောက်ပံ့ပစ္စည်း (၁၅)မျိုးဖြင့် သွားရောက် ထောက်ပံ့ရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်( ၄၅,၃၆၃,၉၃၂) ရှိကြောင်း အလင်းရောင်ပရဟိအသင်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~