စေတနာရှင်များ၏ ကျပ်သိန်းတစ်ထောင်ကျော်ဖိုး တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို တိုင်း(၂)တိုင်း အပါအ၀င် ချင်းပြည်နယ်သို့ သွားရောက် ထောက်ပံ့

စေတနာရှင်များ၏ ကျပ်သိန်းတစ်ထောင်ကျော်ဖိုး တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို တိုင်း(၂)တိုင်း အပါအ၀င် ချင်းပြည်နယ်သို့ သွားရောက် ထောက်ပံ့
သြဂုတ် 9, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များနှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်တို့က မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့် ဒေသများမှ ပြည်သူများ အတွက် လှူဒါန်းထားသည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများအား ယနေ့ သြဂုတ်လ(၉)ရက်၊ နံနက်(၁၀)နာရီခွဲ အချိန်က မော်တော်ယာဉ်များဖြင့် သွားရောက် လှူဒါန်းရန် စတင်ထွက်ခွာသွားရာ ထောက်ပံ့ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိကြောင်း သိရသည်။

ထိုသို့  စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုတွင် ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်  ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)က တစ်အိမ်ထောင်စုလျှင် ဆန်(၈) ပြည်ပါ ဆန်တစ်အိတ်၊ မာမားခေါက်ဆွဲတစ်ဖာ၊ ဆေးဝါးပစ္စည်းများ၊ ငါးသေတ္တာဗူး၊ အ၀တ်အထည်များ၊ စောင်များ၊ နို့ဆီဗူးများ ပါဝင်သည့် ထောက်ပံ့ပစ္စည်းများအပြင် သံဃာတော် တစ်ပါးလျှင် သင်္ကန်းတစ်စုံ၊ ဆေးဝါးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပါ အထုပ်(၁)ထုပ်စီဖြင့် သံဃာတော် အရှင်သူမြတ်များအတွက် ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် စီစဉ်ပေးထားသည်။

စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ ၊ အသုံးအဆောင်ပစ္စည်းများ၊ အ၀တ်အထည်များ  နှင့် အလှူငွေများကို အလှူခံဌာနများဖြစ်သည့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် သူရိယ သင်္ကန်းတိုက် တို့တွင် လာရောက်လှူဒါန်းထားကြရာ ယခုလို သွားရောက်ကာ ပြန်လည်ထောက်ပံ့လှူဒါန်းရာတွင် အဆိုပါ အလှူခံဌာနများမှ ထောက်ပံ့ပစ္စည်းများ အဓိက အပါအ၀င်ဖြစ်သည်။

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထားသည့် ပစ္စည်းများမှာ ဆန်(၈) ပြည်ပါ ဆန်တစ်အိတ်၊ မာမားခေါက်ဆွဲတစ်ဖာ၊ ဆေးဝါးပစ္စည်းများ၊ ငါးသေတ္တာဗူး၊ အ၀တ်အထည်များ၊ စောင်များ၊ နို့ဆီဗူးများ၊ ဆေးဝါးများ၊ သင်္ကန်းများ၊ ပဲနို့ရည်ဗူးများ စသည့် အသင့် စားသောက်ဖွယ်ရာများ ပါဝင်သည့်  အထုပ်(၄၈၀၄) ထုပ်နှင့် ဘေထုပ်ကြီး (၂၀)ထုပ် ထောက်ပံ့မည်ပြီး အိမ်ထောင်စု (၄၈၀၄)စုအတွက် ထောက်ပံ့ပေးမည်ဖြစ်သည်။

ယင်းထောက်ပံ့ ပစ္စည်းများ သွားရောက်လှူဒါန်းမှုကို  ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန် ဦးဆောင်ပြီး ၊ စေတနာရှင် အလှူရှင်များကိုယ်စား အင်အား(၂၀)ဦးတို့ပါဝင်သည့် အဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကောလင်းမြို့ ၊ ချင်းပြည်နယ် ဟားခါးမြို့၊ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့တို့အထိ သွားရောက်ထောက်ပံ့လှူဒါန်းမည်ဖြစ်သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ ဆက်လက် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း နှင့် အထူးသဖြင့် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ ကျေးရွာများသို့လည်း ထောက်ပံ့ပေးအပ် လှူဒါန်းရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

ယခု ထောက်ပံ့ပစ္စည်းများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်းရှိ မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းလူမျိုးများ နှင့် တာချီလိတ်ရှိ စေတနာရှင်များ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ၏ လှူဒါန်းထောက်ပံ့ထားသည့် ပစ္စည်းများ အဓိက အပါအ၀င်ဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်တွင်းမှာ ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်နေတော့ ကျွန်တော်တို့ ဒီမှာ ဇူလိုင်လ(၂၈)ရက်နေ့က စတင်ပြီး ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်၊ သူရိယသင်္ကန်းတိုက် နဲ့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတို့မှာ အလှူခံဌာနအဖြစ် ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီးအတွက် အလှူခံခဲ့ပါတယ်..."ဟု ဦးဆောင် အလှူခံသူ တစ်ဦးက ပြောပြသည်။

"ကျွန်တော်တို့ တာချီလိတ်ခရိုင် ကျိုင်းလပ်နဲ့ ရခိုင်ပြည်နယ်ကို ထောက်ပံ့ပြီးပါပြီ၊ အခု စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ် ဘက်ကို သွားနေပါတယ်၊ အဲ့ဒီက အပြန် မိမိတို့ ဒေသဖြစ်တဲ့ ကျိုင်းလပ်ဘက်ကို အဓိက ပြန်လည် ဦးတည်ပြီး ရေဘေးသင့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး ကိစ္စတွေကို ဆော်သြပြီး အလှူခံတာတွေ၊ ထောက်ပံ့တာတွေ ဆောင်ရွက်ထားဖို့ နောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ အဖွဲ့နဲ့ စီစဉ်ထားရှိခဲ့ပါတယ်..."ဟု ဦးဆောင်သူ တစ်ဦးက ဆိုသည်။

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် သူရိယ သင်္ကန်းတိုက်တို့တွင် မြန်မာပြည်တွင် ရေဘေးသင့် ပြည်သူများအတွက် အလှူခံဌာနအဖြစ် ဇူလိုင်လ(၂၈)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်က ပထမအကြိမ် ပြန်လည်ထောက်ပံ့လှုဒါန်းမှုအဖြစ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်ရေဘေးသင့် ဒေသနှင့် ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသ ပထမဦးဆုံးအဖြစ် သို့လည်း ထောက်ပံ့ပစ္စည်းများကို ပို့ဆောင် လှူဒါန်းခဲ့ပြီးကြောင်း နှင့် ဆက်လက်၍လည်း တာချီလိတ်ခရိုင် ကျိုင်းလပ်ရေးဘေးသင့် ပြည်သူများအတွက် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်တို့တွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net