မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မယ်ဆိုင်ချောင်းအနီး နှင့် ပြည်သူ့စစ်ဂိတ်အနီးတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ပို့ဆောင်မည့် စိတ်ကြွဆေးပြားများကို ၂၀၁၅ခုနှစ် ဇူလိုင်လ(၅)ရက် ည(၁၀)နာရီ ၀န်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။
"ဂိတ်မှာရှိတဲ့ ပြည်သူ့စစ်တစ်ဦးက အဲ့ဒီကောင်လေးကို မသင်္ကာလို့ စစ်ဆေးလိုက်တာ ကျောပိုးအိတ်ထဲက စိတ်ကြွဆေးပြားတွေကို တွေ့တာနဲ့ ချက်ခြင်းပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တာ.."ဟု မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ ရောက်ရှိလာပြီး ဆက်လက်စစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀၀)ပြားကို ရှာဖွေတွေ့ရှိရပြီး ထိုသို့ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူသည် အသက်(၁၇)နှစ်ရှိ ထိုင်းနိုင်ငံသား Mr. Songsak Khusesom ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။