ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တာချီလိတ်/မိုင်းဆတ်ခရိုင်အတွင်း ဖွံ့ဖြိုးရေးများ အတွက် တွေ့ဆုံ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တာချီလိတ်/မိုင်းဆတ်ခရိုင်အတွင်း ဖွံ့ဖြိုးရေးများ အတွက် တွေ့ဆုံ
ဇူလိုင် 19, 2015
By Tachileik News Agency

 ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ နှင့်အတူ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ စီမံခန့်ခွဲမှုကော်မတီဝင် များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်(၁၉)ရက်၊ နံနက်(၁၁)နာရီက တာချီလိတ်မြို့ ၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာ၌ ပြည်သူဗဟိုပြုအဖြစ် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီများဖြင့် ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အားသာချက် ၊ အားနည်းချက်များ ရှာကြံဆောင်ရွက်ရန် နှင့် မြို့နယ်အလိုက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး နှင့် သောက်သုံးရေရရှိရေး လိုအပ်မှုတင်ပြချက် များအပေါ် ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များက မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ ၊ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဆွေးနွေးတင်ပြပြီး၊ မိုင်းဆတ်ခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နှင့် တာချီလိတ်ခရိုင် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ တို့က မြေအသုံးချမှု စီမံခန့်ခွဲရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မတီအဖွဲ့(၇)မှ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် အဖွဲ့ခေါင်းဆောင် ဦးစိုင်းထွန်းစိန်က လယ်ယာမြေ စိစစ်ဆောင်ရွက်ခြင်း ဆိုင်ရာများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားကာ ၊ အမှတ်(၃၃၁)ခြေမြန်တပ်ရင်း မှ အသုံးပြုရန် မလိုအပ်တော့၍ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေ(၁၁)ဧကအား ဒေသခံတောင်သူလယ်သမား (၈)ဦးထံ တစ်ဦးချင်းစီ လယ်ယာမြေလုပ်ပိုင်ခွင့် ယာယီပုံစံ(၃)များကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်စိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာအား စံပြအဖြစ် မြေဂရံဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အကျယ့်တ၀င့် ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်း က ပြည်နယ်အတွင်းရှိလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့် အချက်အလက် စာရင်းများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခမ်းအနားတွင် မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ် နှင့် မိုင်းယောင်းမြို့နယ်များမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ များ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေုးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေများ နှင့် ဖြည့်ဆည်းပေးရမည့် လိုအပ် ချက်များအား အသီးသီးရှင်းလင်းတင်ပြသည်။

အစီအစဉ်အရ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ၊ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး နှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က မြို့နယ် အလိုက်ဖွံ့ဖြိုးရေးအတွက် တင်ပြချက်များနှင့် စပ်လျဉ်းပြီး လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်နှင့်မိုင်းယောင်း မြို့နယ်များအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်သိန်း(၁၀၀)စီ၊ ဗလာစာအုပ်ဒါဇင် (၆၀၀)စီ နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားရှိကြသည့် ယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်(၁၀)သိန်းစီအား ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ် ပညာရေးမှူးများနှင့် ယဉ်ကျေးမှုအဖွဲ့များက လက်ခံယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။   ။ ကောင်းဆက်လင်း ( ဓါတ်ပုံ/ဗီဒီယို )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~