ကျပ်(၄)သိန်းခွဲကျော်ပါသည့် ပိုက်ဆံအိတ်အား ပိုင်ရှင်ထံ ပြန်လည်အပ်နှံသည့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ဒေသခံ စေတနာရှင်များက စုပေါင်းကာ ကျပ်(၃)သိန်းကျော်ချီးမြှင့်

ကျပ်(၄)သိန်းခွဲကျော်ပါသည့် ပိုက်ဆံအိတ်အား ပိုင်ရှင်ထံ ပြန်လည်အပ်နှံသည့် ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ဒေသခံ စေတနာရှင်များက စုပေါင်းကာ ကျပ်(၃)သိန်းကျော်ချီးမြှင့်
ဇူလိုင် 22, 2015
By Tachileik News Agency

တာချီလိတ်တွင် ခရီးတိုပြေးဆွဲနေလျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီ အသင်းသား ကျောနံပါတ် (၈၉၀)ကို ၀တ်ဆင်ထားသည့် ကိုအောင်ကြည်ဝင်းသည် ပိုက်ဆံအိတ် ကောက်ရသည်ဖြစ်ရာ ပိုင်ရှင်ထံသို့ ရိုးသားစွာဖြင့် ပြန်လည် အပ်နှံခဲ့သည့်အတွက် တာချီလိတ်ရှိ စေတနာရှင် အချို့မှ ဂုဏ်ပြုဆုငွေများဖြင့် အသီးသီးချီးမြှင့်ကြရာ မြန်မာကျပ်ငွေ(၃)သိန်းကျော်ရှိသည့် ထိုင်းဘတ်ငွေ(၁၀၀၀၀)တိတိ ရှိကြောင်း သိရသည်။

ကောက်ရသည့် ပိုက်ဆံအိတ်အား ဇူလိုင်လ(၂၁)ရက်နေ့က ရိုးသားစွာဖြင့် ပြန်လည်အပ်နှံခဲ့သည့် တာချီလိတ်လေဆိပ်ရှိ ဆိုင်ကယ်တက္ကစီဂိတ်တွင် ဆိုင်ကယ် တက္ကစီပြေးဆွဲနေသူ ကျောနံပါတ် (၈၉၀)ကို ၀တ်ဆင်ထားသည့် ကိုအောင်ကြည်ဝင်းအား ယနေ့ ဇူလိုင်လ(၂၂)ရက် နံနက်(၉)နာရီအချိန်က ရွှေတာချီခရီးသွားလုပ်ငန်း၏ အသင်းရုံးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ပါဝင်သည့် စေတနာရှင်များမှ ဂုဏ်ပြုဆုငွေများကို ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ ဂုဏ်ပြုဆုငွေချီးမြှင့်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ယခုလို ရိုးသားစွာဖြင့် ပိုင်ရှင်ထံ ပြန်လည်အပ်နှံခြင်းသည် မွန်မြတ်သည့် စိတ်ထားဖြစ်ကြောင်း၊ ၀မ်းသာဂုဏ်ယူပါကြောင်း၊ မိမိအတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အကူအညီ လိုအပ်ပါက ၎င်းတို့ထံ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါကြောင်း နှင့် ဆက်လက်၍လည်း အများအကျိုးကို ယခုလို ရိုးသားစွာဖြင့် သယ်ပိုးနိုင်ပါစေကြောင်း ချီးမွမ်းစကားဆိုသည်။

ဆက်လက်၍ ဆိုင်ကယ်တက္ကစီပြေးဆွဲသူ ကိုအောင်ကြည်ဝင်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ (၂၀၀၀)ဘတ်၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ရှမ်း/ရှေ့) ဥက္ကဌ ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး)မှ (၂၀၀၀)ဘတ်၊ လူမှုကူညီရေးအသင်း ရွှေတာချီခရီးသွားလုပ်ငန်းမှ (၂၀၀၀)ဘတ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ကိုတိုး + မငယ် မိသားစုမှ (၂၀၀၀)ဘတ် နှင့် ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း (ကဖေးနှင့်အအေး)စားသောက်ဆိုင် မိသားစုမှ (၂၀၀၀)ဘတ် စသည်ဖြင့် စုစုပေါင်း ဂုဏ်ပြုဆုငွေ (၁၀၀၀၀)ဘတ် တိတိကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်လာသည် နှင့် ပတ်သက်၍ "ကျွန်တော်အနေနဲ့ ဒီလိုမျိုး ချီးမြှင့်ခံရမယ်လို့ မထင်ထားသလို၊ မမျှော်လင့်ထားမိဘူး၊ ဘာကိုမှ မမျှော်လင့်ပဲ ပြန်ပေးခဲ့တာပါ၊ အရင်တုန်းကလည်း အခုလို ကောက်ရတုန်းကလည်း ပိုင်ရှင်ကို ပြန်ပေးဖူးတယ်၊ အခုလို ချီးမြှင့်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ.."ဟု ကိုအောင်ကြည်ဝင်းက ၀မ်းသာစွာဖြင့် ကျေးဇူးတင်စကား ဆိုသည်။

ကိုအောင်ကြည်ဝင်းသည်သည် ပိုက်ဆံအိတ်အား တာချီလိတ်လေယာဉ်ကွင်းတွင် ကောက်ရတာဖြစ်ပြီး ပိုက်ဆံအိတ်အတွင်း၌ မြန်မာကျပ်ငွေ (၄၆၀၀၀၀)ကျပ် နှင့် မြန်မာ Sim card ထည့်သွင်း အသုံးပြုထားသည့် လက်ကိုင်ဖုန်းတစ်လုံး အပြင် အရေးကြီးသည့် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများပါကြောင်း နှင့် ပိုင်ရှင်မှာ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)မှ အတွင်းရေးမှူး ဖြစ်သူ ဦးသိန်းထွန်းဖြစ်ကြောင်း အပြင် ယခုလို ပြန်လည်အပ်နှံလာသည့်အတွက် ပိုင်ရှင်မှ ၎င်းအား ထိုင်းဘတ်ငွေ(၁၀၀၀)ဘတ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~