တာချီလိတ်တွင် ခရီးတိုပြေးဆွဲနေလျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီ အသင်းသား ကျောနံပါတ် (၈၉၀)ကို ၀တ်ဆင်ထားသည့် ကိုအောင်ကြည်ဝင်းသည် ပိုက်ဆံအိတ် ကောက်ရသည့်အတွက် ပိုင်ရှင်ထံသို့ ယနေ့ ဇူလိုင်လ(၂၁)ရက်နေ့မှာ ရိုးသားစွာဖြင့် ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။
တာချီလိတ်လေယာဉ်ကွင်း ဆိုင်ကယ်တက္ကစီဂိတ်တွင် ဆိုင်ကယ်တက္ကစီပြေးဆွဲနေသူ ဖြစ်ပြီး တာချီလိတ်လေယာဉ်ကွင်းတွင် ပိုက်ဆံအိတ် ကောက်ရထားသူ ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းသား(၈၉၀)ကိုအောင်ကြည်ဝင်းသည် ရွှေတာချီခရီးသွားလုပ်ငန်းအသင်းရုံးသို့ လာရောက်ပြီး အပ်နှံရာ အသင်းမှ တာဝန်ရှိသူများမှ ဖွင့်ဖောက်စစ်ဆေးရာတွင် အဆိုပါ ပိုက်ဆံအိတ်အတွင်းမှ မြန်မာကျပ်ငွေ (၄၆၀၀၀၀)ကျပ် နှင့် မြန်မာ Sim card ထည့်သွင်းအသုံးပြုထားသည့် လက်ကိုင်ဖုန်းတစ်လုံး အပြင် အရေးကြီးသည့် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများပါ ပါရှိတာကို တွေ့ကြောင်း သိရသည်။
ထိုသို့ ကောက်တွေ့ရရှိထားသည့် ပိုက်ဆံအိတ်နှင့် ပတ်သက်၍ အတွင်း၌ ပါရှိသည့် အချက်အလက်များ အတိုင်း ပိုင်ရှင်အား အသင်းမှ တာဝန်ရှိသူများက လိုက်လံစုံစမ်းရာ ပိုင်ရှင်မှာ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)မှ အတွင်းရေးမှူး ဖြစ်သူ ဦးသိန်းထွန်းဖြစ်နေပြီး ၎င်းအား ယနေ့ ဇူလိုင်လ(၂၁)ရက် ညနေ(၄)နာရီအချိန်မှာပင် အသင်းရုံးသို့ ခေါ်ဆောင်ကာ လက်ဝယ်အရောက် အပ်နှံလိုက်ကြောင်း ရွှေတာချီခရီးသွားလုပ်ငန်းမှ သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ Winn Tho