ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ အနော်ရထာလမ်း၊ အဆွေတော်(၂၄)နာရီ အထူးကုဆေးခန်းအနီးတွင် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိအား အမှူးထား၍ မကြာမီကာလအတွင်းက အသစ်ပြန်လည် တည်ဆောက် ပြီးစီးခဲ့သော ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးကို နန်းအပ် - နန်းဆက်ပွဲတော် နှင့် ဖွင့်ပွဲအဖြစ် ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၆)ရက် တနင်္ဂနွေနေ့ နံနက်(၉)နာရီတိတိအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့နတ်နန်း ဗိမာန်တော်ကြီးအတွင်းရှိ နန်းတွင်းဆောင်ရှိ ဇာခန်းဆီး လိုက်ကာအား ဗိမာန်တော်ကြီး တည်ဆောက်ရေးကော်မတီဝင် အဆောက်အဦ အတွင်း/အပြင် စီမံကြီးကြပ်ရေး တာဝန်ခံ ဦးတင်လှိုင်(ရတနာစံအိမ်တော်) နှင့် ပန်းဒကာ - နတ်ဆရာတို့မှ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် "ကျွန်တော်တို့ နိုင်ငံမှာ မိရိုးဖလာ အယူဝါဒအလိုက် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရရှိထားတာနဲ့ အညီ ဘာသာရေး၊ လူမှုရေး အခမ်းအနားတွေကို လွတ်လပ်စွာ ကျင်းပခွင့်ရှိပါတယ်၊ ဒီလိုမျိုး နှစ်ပေါင်းကြာရှည်စွာ နတ်နန်းကြီးကို ပိုမိုခန့်ညား လှပလာအောင် အလှူရှင်တွေအားလုံး သားစဉ်မြေးဆက် ထိန်းသိမ်းခဲ့တာကို မှတ်တမ်းတင် ဂုဏ်ယူပါတယ်.."ဟု တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ယင်းနောက် နန်းဗိမာန်တော်ကြီး၏ သမိုင်းအား နာယကတစ်ဦးဖြစ်သူ ဦးဝန်းယုံးမှ ရှင်းလင်း ပြောကြားပြီးနောက် ဗိမာန်တော်ကြီး တည်ဆောက်ရေး ကော်မတီမှ ဘဏ္ဍာရေးမှူး ဦးဇော်မြင့် မှ ပြည်သူ့နတ်နန်း ဗိမာန်တော်ကြီး တည်ဆောက်ရာတွင် လူအား၊ ငွေအား၊ အကြံအားဖြင့် အဖက်ဖက်မှ ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးအထူး တင်ရှိပါကြောင်းကို ကော်မတီ၏ ကိုယ်စားပြောကြားသည်။
ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးတည်ဆောက်ရာတွင် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းရိုးရာ မိရိုးဖလာ ပူဇော်ပသမှုနှင့် ယဉ်ကျေးမှုများကို အခြေခံကာ ရုပ်တု၊ ပုံတော်များအား ပန်းချီ၊ ပန်းပုပညာရှင်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်မှုတွင် အများဆန္ဒခံယူကာ တည်ဆောက်ခြင်းဖြစ်ပြီး ငွေရေးကြေးရေး မလုံလောက်မှုများ ကြုံတွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီး၍ အများပြည်သူ အေးချမ်းစွာ ပူဇော်ပသနိုင်ပြီ ဖြစ်ကြောင်း ပြည်သူ့ နတ်နန်း(ပင်မ) ဗိမာန်တော်ကြီး တည်ဆောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးဇော်မြင့်ထံမှ သိရသည်။
နံနက်ပိုင်းတွင် မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိအား အမှူးထား၍ သံဃာတော်များအား ဆွမ်း၊ ခဲဘွယ်များ ဆပ်ကပ်ခဲ့ပြီး ဗိမာန်တော်ကြီး ဖွင့်ပွဲတွင် မဟာမြတ်မုနိဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ကာ အမျှအတန်းပေးဝေခဲ့ကြရာ ကြွရောက်လာသည့် ဧည့်ပရိသတ်များက တရားတော်နာယူကာ အတူတကွ အမျှအတန်းပေးဝေခဲ့ကြသည်။
ယင်းနောက် မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိ နှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း အပါအ၀င် တာဝန်ရှိသူများက ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်၏ မော်ကွန်းကျောက်စာတိုင်အား ဖွင့်လှစ်ခဲ့ကြပြီး အမွှေးနံသာရည်များ ပက်ဖျန်းခဲ့ကြသည်။
ယင်းဖွင့်ပွဲတွင် မိတ္ထီလာမြို့မှ ဦးစံလှိုင်ထွဏ် (ရွှေတိုက်စာရင်းဝင်၊ မကြာနု နတ်နန်းပိုင် - နန်းထိန်း) နှင့် အောင်ဇော်ဗိုလ် ဆိုင်းအဖွဲ့(စန်းလှိုင်မ)တို့မှ မင်္ဂလာအခါတော် နတ်သီချင်းများဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ဖျော်ဖြေမှုများကို (၂၆.၇.၂၀၁၅)ရက်မှ (၂၈.၇.၂၀၁၅)ရက်နေ့အထိ (၃)ရက်တိတိ ဆက်ကပ်ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရသည်။
ယခု ပြည်သူ့နတ်နန်း(ပင်မ) ဗိမာန်တော်ကြီးအား ၂၀၁၃ ခုနှစ်အတွင်း စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်သည့် ကာလ(၁)နှစ်(၉)လ၀န်းကျင် ကြာမြင့်ခဲ့ကြောင်းနှင့် အများပြည်သူ အလှူငွေ စုစုပေါင်း ဘတ်(၈၅၆၉၁၆၀)ဖြင့် အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။