မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် Mobile Team မှ ဖမ်းဆီးရမိထားသော အများပြည်သူများ စားသုံးရန် မသင့်သည့် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် စားသုံးပစ္စည်းများကို ယနေ့ ဇူလိုင်လ (၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ် အကောက်ခွန်ရုံးမှာပင် ဖျက်ဆီးလိုက်ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်(၁၁.၉၈၃)သန်းရှိကြောင်း တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ယင်းသို့ ဖျက်ဆီးရာတွင် Mobile Team မှ ဖမ်းဆီးမှု (၁၁)မှုမှ အများပြည်သူများ စားသုံးရန်မသင့်သည့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် အရက်၊ ဘီယာ၊ စီးကရက်များ၊ FDA ထောက်ခံချက် မပါရှိသော အချိုရည်များ၊ DRC ခွင့်ပြုချက်မပါရှိသော ဆေးဝါးများ၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ခွင့်ပြုချက်မရရှိထားသော စိုက်ပျိုးရေသုံးဆေးများ ပါဝင်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်(၁၁.၉၈၃)သန်းရှိသည့် အဆိုပါ ပစ္စည်းများကို တာချီလိတ်မြို့နယ်အကောက်ခွန်ရုံး၌ ဖျက်ဆီးမှုကြီးကြပ်ရေး အဖွဲ့များဖြင့် ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးရာတွင် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွှန့်အောင် နှင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဦးစီးအရာရှိ ဦးမောင်မောင် အပါအ၀င် နယ်စပ်ကုန်သွယ်ရေးရဲတပ်ဖွဲ့(မယ်ယန်း)မှ တာဝန်ရှိသူများ ပါဝင်ပြီး ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။
"အခုလို ဖျက်ဆီးမဲ့အစား ဒီပစ္စည်းတွေကို လေလံတင်ပြီး ရောင်းလိုက်ပေါ့၊ ရလာတဲ့ ငွေတွေကို အကျိုးရှိတဲ့နေရာမှာ သုံးလိုက်ရင် ဆုံးရှုံးရတဲ့ သူတွေလည်း နည်းနည်းတော့ ဖြေသာတာပေါ့၊ အခုတော့ ဖျက်ဆီးလိုက်တယ်ဆိုတော့ ဘယ်သူ့ဘက်မှလည်း အကျိုးရှိမှာ မဟုတ်ဘူး၊ နောက်ပြီး ဒီ အရက်ဘီယာဆိုတာကလည်း ပပျောက်သွားမှာလည်း မဟုတ်ဘူး.."ဟု တာချီလိတ်ဒေသခံ တစ်ဦးမှ ပြောလာသည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဧပြီလ(၁၀)ရက်နေ့က တာချီလိတ်မြို့ လေယာဉ်ကွင်းအနီးရှိ မြေကွက်လပ်တွင် တာချီလိတ် Mobile Team မှ ကျပ်သန်းပေါင်း (၁၇၇.၂၂၅)သန်းရှိ စားသုံးကုန်ပစ္စည်းများကို မီးဖြင့်ရှို့၍သော်လည်းကောင်း၊ ကားဖြင့်ကြိတ်၍သော်လည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။