နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကျေးရွာများရှိ မြေများကို မြေပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ရခြင်းအစား၊ ခိုင်မာသည့် တရားဝင် အထောက်အထား ( Legal Document ) မြေငှားဂရန် ( Lease) ရရှိခြင်းအားဖြင့် ကျေးရွာနေ ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိ စေမည်ဖြစ်၍ တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာအား မြေငှားဂရန် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျေးရွာနယ်နိမိတ် သတ်မှတ်ဆောင်ရွက်ရာတွင် စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၊ ခရိုင်မြေစာရင်း ဦးစီးဌာနမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်တို့က ကွင်းဆင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးမည့် မယ်ယန်းကျေးရွာသည် တာချီလိတ်မြို့မှ(၇)မိုင်ခန့် ကွာဝေးပြီး၊ အိမ်ခြေ(၂၆၀)၊ အိမ်ထောင်စု(၃၀၃)စု နှင့် လူဦးရေ(၁၄၂၉)ဦးရှိပြီး၊ ဧရိယာဧက(၆၉)ဧက ကျယ်ဝန်းသည့် ကျေးရွာဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ ဝေယံလင်း