မြန်မာ - ထိုင်း နယ်စပ်ချောင်းဖြစ်ပြီး တာချီလိတ်မြို့အကြား မယ်ဆိုင်ချောင်းအတွင်း ရေတားသဖွယ် ဖြစ်နေသည်များကို ဇူလိုင်လ(၁၃)ရက် နံနက်(၆)နာရီမှ စ၍ တပြိုက်နက်တည်း ဖျက်ဆီး ဖယ်ရှားရန် အတွက် ယနေ့ ဇူလိုင်လ(၁၂)ရက် ညနေပိုင်းက ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့မှ ကြိုတင်ပြင်ဆင်ထားမှုကို လိုက်လံစစ်ဆေးခဲ့ကြသည်။
မယ်ဆိုင်ချောင်းအတွင်း ရေတားသဖွယ် အဟန့်အတားဖြစ်နေပြီး ဖျက်ဆီးရန် လိုအပ်နေသည့် (၃)နေရာမှာ ပုန်းထွန်ရပ်ကွက်ရှိ ၀ါးဆိပ်တွင် (၁)နေရာ၊ ဆန်ဆိုင်း(က)ရပ်ကွက် ပြည်သူ့စစ်ဂိတ်အနီးရှိ ဂရင်းဆိပ်တွင် (၁)နေရာ နှင့် ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်တို့တွင် (၁)နေရာ စုစုပေါင်း (၃)နေရာကို တပြိုက်နက်တည်း ဆောင်ရွက်ကြမည်ဖြစ်ရာ စနစ်တကျ ရှိစေရေး နှင့် ဖျက်ဆီးပြီး ကျန်ရစ်မည့် ကျောက်တုံး၊ ကျောက်ခဲများကို သယ်ယူရန်အတွက် မော်တော်ကားများ နှင့် လိုအပ်မည့် စက်သုံးဆီများကို သတ်မှတ်နေရာများ အလိုက် ကြိုတင်နေရာယူကာ ထားရှိရေးအတွက် လိုက်လံ စစ်ဆေးခဲ့ကြခြင်း ဖြစ်ပြီး ချောင်းအတွင်း ၀င်ရောက်၍ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ညှိနှိုင်းခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများ၊ ကျွမ်းကျင်ပညာရှင်များ နှင့် စီးပွားရေးလုပ်ငန်းရှင်များဖြင့် စုပေါင်းကာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။