တာချီလိတ်၌ ကျင်းပမည့် အာဇာနည်နေ့ အလေးပြု အခမ်းအနားအား ရှမ်းရိုးမကွင်းအတွင်း ကျင်းပရန် ပြောင်းလဲပြင်ဆင်

တာချီလိတ်၌ ကျင်းပမည့် အာဇာနည်နေ့ အလေးပြု အခမ်းအနားအား ရှမ်းရိုးမကွင်းအတွင်း ကျင်းပရန် ပြောင်းလဲပြင်ဆင်
ဇူလိုင် 16, 2015
By Tachileik News Agency

တာချီလိတ်၌ (၆၈)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပပြုလုပ်မည်ဟု သတ်မှတ်ထားရှိခဲ့ရာမှ ယခုအခါမှာ အဆိုပါကျောင်းတွင် မကျင်းပတော့ဘဲ ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပရန်အတွက် ယင်းအစီအစဉ်အား ရွှေ့ပြောင်းလိုက်ကြောင်း ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ ညနေပိုင်းက အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း)က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလာသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ (၆၈)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို
တာချီလိတ်မြို့နယ် အတွင်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အင်္ကျီများအား တာချီလိတ်မြို့အတွင်း လူစည်ကားရာနေရာများတွင် လိုက်လံရောင်းချလျှက်ရှိရာ ရရှိလာသော အမြတ်ငွေများအား အာဇာနည်နေ့ အခမ်းအနားတွင် အသုံးပြုမည်ဖြစ်ပြီး ပိုငွေများအား ဘ/ကကျောင်းဖြစ်သည့် အောင်မင်္ဂလာ(ပရဟိတ)ကျောင်းသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေးအတွက် မည်သည့် အသင်းအဖွဲ့နှင့် မည်သည့် ဌာနကမှ အလှူငွေများ ကောက်ခံခြင်း၊ လက်ခံခြင်း မရှိကြောင်း သိရှိရသည်။

(၁၉)ဇူလိုင် အာဇာနည်နေ့ အခမ်းအနားအား (၁၈)ရက်နေ့ညပိုင်းတွင် အာဇာနည်နေ့ သီချင်း(၂)ပုဒ်အား ကျောင်းသားကလေးငယ်များမှ ရွေးချယ် သီဆိုယှဉ်ပြိုင်သွားမည့် အစီအစဉ်နှင့် အနုပညာ ၀ါသနာရှင်များမှ အာဇာနည်နေ့ သမိုင်းအကြောင်းအား တစ်ခန်းရပ်ပြဇာတ်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ဇူလိုင် (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့ အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~