လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
ဇွန် 7, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများကို ယနေ့ ဇွန်လ(၇)ရက် နေ့လည်(၁၂း၃၀)နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေကြစဉ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖားဟိကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ အားစူ(ကျား) မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါးများကို ရှာဖွေရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာတွင် အားစူ(ကျား)လွယ်ထားသော ဂျင်းလွယ်အိတ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၂၀)ပြား နှင့် ဘိန်းဖြူမှုန့် (၁၂)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရပြီး သိမ်းဆည်းခဲ့ကြသည်။

ဆက်လက်၍ အားစူအား စစ်ကြောရာမှ ၎င်း၏ ထွက်ဆိုချက်အရ (၁၃း၁၅)နာရီအချိန်တွင် လွယ်တော်ခမ်းအုပ်စု၊ ဖားဟိ(အောက်)ရွာရှိ ၎င်း၏ နေအိမ်အား သွားရောက် ရှာဖွေရာ အားစူ(ကျား) အိပ်သည့် အိပ်ယာခေါင်းရင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၄၆)ပြား နှင့် ဘိန်းဖြူမှုန့် အလေးချိန်(၁.၂)ဂရမ်တို့ကို ထပ်မံတွေ့ရှိရသည့်အတွက် သိမ်းဆည်းခဲ့ကြပြီး ၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၉၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~