ဝါယာကြိုး အပူရှိန်လွန်ကဲရာမှ တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးအနီး နှင့် အကောက်ခွန်ရုံးရှေ့ရှိ ကုန်မာပစ္စည်းဖြန့်ချိရေး ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇွန်လ(၁၄)ရက် နေ့လည် (၁၂)နာရီခွဲ ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ထိုသို့ လောင်ကျွမ်းမှုကြောင့် ဈေးသူဈေးသားများနှင့် မီးလောင်မှုဖြစ်ပွားရာနေရာအနီး နေထိုင်သူများ အထိတ်တလန့်ဖြစ်စေခဲ့ကြောင်း သိရသည်။
“မီးညွှန့်က ဈေးထဲက လှမ်းမြင်ရတာတောင် အကြီးကြီးဘဲ ဈေးထဲမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာ ဒါပေမယ့် လမ်းမကြီး ခြားနေတော့တော်သေးပေမဲ့ အခုလို မီးလောင်မှုဖြစ်ပွားလို့ ကာယကံရှင်ကိုယ်စား တကယ်စိတ်မကောင်းဘူး၊ မီးလောင်တဲ့ နေရာက ဈေးနဲ့ မနီးမဝေးမှာဆိုတော့ ဈေးထဲမှာလန့်ပြီး မေ့လဲသွားတဲ့ သူတောင်ရှိသေးတယ်”ဟု ၀မ်ကောင်းမြို့မဈေးမှ ဈေးရောင်းချသူတစ်ဦးမှပြောသည်။
တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက် အိမ်အမှတ် ၃/၅(င)တွင် ဓါတ်ဗူး၊ ကြွေပန်းကန်နှင့် ကုန်စုံအရောင်းဆိုင်၌ နောက်ဖေးမီးဖိုချောင် အပေါ်ထပ်၌ ၀ါယာကြိုး အပူရှိန်လွန်ကဲရာမှတဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ဈေးဆိုင်အောက်ထပ်သည် အုတ်ဘလောက်ဖြင့် ဆောက်ထားကာ အပေါ်ထပ် ကြမ်းပြင်သည် သစ်သားဖြစ်ခြင်းကြောင့် လောင်ကျွမ်းမှုမြန်ဆန်ကြောင်း နှင့် မီးသတ်ကားများဖြင့် စုပေါင်းကာငြိမ်းသတ်ခဲ့ရကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။
မီးလောင်ကျွမ်းသောနေအိမ် အပေါ်ထပ်တွင် ပျက်စီးမှု ပိုမိုများပြားကြောင်း၊ နေအိမ်အတွင်းမှ မီးခံသေတ္တာနှင့် အတွင်းပစ္စည်းများပြန်လည် ရရှိခဲ့ကြောင်း နှင့် ဆိုင်တွင်းရောင်းချသော ကုန်ပစ္စည်းအချို့အား ပြန်လည်ရရှိခဲ့ကြောင်း ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ထံမှသိရသည်။
မီးလောင်မှု ဖြစ်ပွားစဉ် ဆိုင်ခန်းအတွင်းမှ တာဝန်သိပြည်သူများ၏ အလျင်အမြန် သယ်ထုတ်ပေးမှုများကြောင့် ပြန်လည်ရရှိခဲ့သော ရောင်းကုန် ပစ္စည်းအချို့အား စစ်ဗျူဟာမှူး ဦးဆောင်သော တာချီလိတ်တပ်နယ်မှ တပ်မတော်သားများက ကုန်ပစ္စည်းများ သိမ်းဆည်းရာ ဂိုဒေါင်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စခန်းမှူး ဒုရဲမှူး ကျော်သန်းမှ တရားလိုပြုလုပ်၍ တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၂၈/၂၀၁၅ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်၊ ကြက်ခြေနီ နှင့် လူမှုရေးအသင်းအဖွဲ့များ အပြင် တာဝန်သိ ဒေသခံပြည်သူများမှ ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။