ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၂၇)ရက် နံနက်အစောပိုင်းက တာချီလိတ်မြို့ရှိ ဓမ္မသီရိဆေးရုံကြီးတွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းပြီး ချုံနွယ်သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။
ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးကုသဆောင် အချို့အား ဓမ္မသီရိဆေးရုံကြီးတွင် ပြောင်းရွှေ့သွားပြီး၊ လူနာများ ဆေးကုသမှု ခံယူနေသော အဆိုပါ ဆေးရုံဝန်းအတွင်း ချုံနွယ်သစ်ပင်များထူထပ်နေပြီး ခုတ်ထွင်ရှင်းလင်းရန် လိုအပ်နေသည့်အတွက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းပါဝင်ကာ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ အပါအ၀င်၊ ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးမှ ဆရာ/မများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ အပြင် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှ အသင်းသား၊ အသင်းသူများ နှင့် တိုင်းရင်းသားများ ပါဝင်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် ဇွန်လအတွင်း၌ မရှိနွမ်းပါး ကျောင်းသား၊ ကျောင်းသူများအား၊ ထောက်ပံ့ခြင်း၊ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သိရသည်။
ဆက်လက်၍ လာမည့် ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်၌ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၇)ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၃)ရက်နေ့၊ နံနက် (၈)နာရီခွဲတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား၌ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများနှင့် အဖက်ဖက်မှ ကူညီခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ