ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်အမှတ် "၆ဂ"အက္ခရာနှင့် အထက် ကိုယ်ပိုင်စီး ယာဉ်များကို ယာဉ်မှတ်ပုံတင် သက်တမ်း(၁)နှစ်မှ (၂)နှစ်အထိ တိုးမြှင့်ပေးမည့် အစီအစဉ်အား ၂၀၁၅ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ စ၍ ဆောင်ရွက်ပေးတော့မှာ ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
"သက်တမ်း(၁)နှစ်ကနေ (၂)နှစ်အထိ တိုးမြှင့်ပေးလိုက်ပြီး "၆ဂ"အက္ခရာနှင့်အထက် ကိုယ်ပိုင်စီး ယာဉ်ငယ်များထဲမှာ ဆလွန်းကား၊ စတေရှင်ဝက်ဂွန်၊ ခရီးသည်(၁၅)ဦးအထိ မိုက္ကရိုဘတ်(စ်)၊ လိုက်ဗင်၊ ဂျစ် နဲ့ Double Cab အမျိုးအစားတွေ ပါဝင်ပါတယ်.."ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
သက်တမ်း(၁)နှစ်တာ ပုံမှန်ရှိနေမည့် ယာဉ်များမှာ "၆ဂ"အက္ခရာအောက် ယာဉ်များဖြစ်ပြီး၊ အထူးသဖြင့် အငှားယာဉ်များ၊ ခရီးသည်ယာဉ်များ၊ ယာဉ်ကြီးများ နှင့် စက်မှုဇုန်ထုတ် ကားများဖြစ်ကြောင်း နှင့် ယာဉ်ငယ်များကိုသာ ယာဉ်မှတ်ပုံတင် သက်တမ်း (၁)နှစ်မှ (၂)နှစ်အထိ တိုးမြှင့်ပေးထားတာဖြစ်ကြောင်း သိရသည်။
သက်တမ်း(၂)နှစ်အဖြစ် သတ်မှတ်ထားရှိသည့် ကိုယ်ပိုင်ယာဉ်ငယ်များကို အငှားယာဉ်အဖြစ်သို့ ပြောင်းလဲကာ လျှောက်ထားပါက အငှားယာဉ်မှတ်ပုံတင်ခ ကောက်ခံပြီး အငှားယာဉ်အဖြစ် မှတ်ပုံတင် သက်တမ်းကို (၁)နှစ်တာ သတ်မှတ်မှာ ဖြစ်ကြောင်း သိရသည်။
"၆ဂ"အက္ခရာနှင့်အထက် ကိုယ်ပိုင်စီး ယာဉ်များကို ယာဉ်မှတ်ပုံတင် သက်တမ်း(၁)နှစ်မှ (၂)နှစ်အထိ တိုးမြှင့်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာပြည်တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ရုံးများတွင် ဇူလိုင်လ(၁)ရက်နေ့မှ စ၍ ဆောင်ရွက်နိုင်မှာဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ပြည်သူများမှလည်း တာချီလိတ်ခရိုင် ကညနရုံးတွင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် မိုင်းဆတ်ခရိုင်ရှိ ယာဉ်များသည် ကျိုင်းတုံရှိ ကညနရုံး၌သာ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း