တာချီလိတ်မြို့ ဓမ္မသီရိဆေးရုံကြီးတွင် ထူထပ်နေသော ချုံနွယ်သစ်ပင်များကို ယနေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသူ၊ အသင်းသားများက ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် လုပ်အားဒါနပြုခဲ့ကြောင်း သိရသည်။
"ကျန်းမာရေး မကောင်းလို့ ဒီဆေးရုံကြီးကို ရောက်လာကြတဲ့ လူနာများမှာ ဓမ္မသီရိ ဆေးရုံကြီးရဲ့ သန့်သန့်ရှင်းရှင်း လှလှပပနဲ့ ခန့်ညားမှုတွေကို ထိတွေ့ခံစားလိုက်ရချိန်မှာ ရောဂါဝေဒနာ အနည်းငယ် ပြေလျှော့ပါစေကြောင်း၊ စေတနာကောင်းထားပြီးတော့ ကျွန်တော်တို့ အသင်းသူ၊ အသင်းများက နေပြီးတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးများကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
ယနေ့ ပြုလုပ်သည့် သန့်ရှင်းရေးတွင် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသူ၊ အသင်းများ ပါဝင်ပြီး ဆေးရုံအတွင်း ချုံနွယ် မြက်ပင်များရှင်းလင်းခြင်း၊ ဆေးရုံအတွင်း ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဇွန်လ(၂၇)ရက်နေ့က အဆိုပါ ဆေးရုံကြီးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြင့် စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီးကြောင်း နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ယခုလို သန့်ရှင်းရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။