ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်၌ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၆)ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်မည့် အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသမီးငယ်များ အနေဖြင့် ပိုင်နိုင်စွာ ပြိုင်ပွဲဝင်ရောက်နိုင်ရေးအတွက် နောက်ဆုံး လေ့ကျင့်မှုကို ယနေ့ ဇွန်လ(၂၉)ရက် ညနေပိုင်းက ပြိုင်ပွဲကျင်းပပြုလုပ်မည့် အောင်မြတ်ခန်းမမှာပင် ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံး လေ့ကျင့်မှုကို တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများမှ အနီးကပ်ကြီးကြပ်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများမှ ကပြဖျော်ဖြေခြင်း နှင့် အတူ တေးသရုပ်ဖော်အကများ၊ ၀ါသနာရှင်များ၏ သီဆိုဖော်ဖြေမှုများ၊ BBoy အကများဖြင့် ကပြဖျော်ဖြေသွားမှာဖြစ်ပြီး မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ဆုရရှိသူများကို ပြိုင်ပွဲအပြီးတွင် ဆုများအသီးသီး ပေးအပ်းချီးမြှင့်သွားမှာဖြစ်ပြီး ယခုနှစ် ပြိုင်ပွဲအား ယခင်နှစ် နှင့် မတူအောင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။