ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)တွင် ပထမနှစ်အကြို Module သင်တန်းအတွက် သင်တန်းသားများ အနေဖြင့် ၃၀.၆.၂၀၁၅ရက်နေ့ နောက်ဆုံးထား၍ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၏ ကျောင်းသားရေးရာဌာနမှ သိရသည်။
ပထမနှစ်အကြို Module သင်တန်းအား တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ အတွက် သတ်မှတ်ချက်များ အနေဖြင့် ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၅ခုနှစ်များတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူများ ဖြစ်ရပြီး၊ မိဘနှစ်ပါးစလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ရမှာ ဖြစ်ကြောင်း၊ အသက်အရွယ်အားဖြင့် ၂၀.၆.၂၀၁၅ရက်နေ့တွင် အသက်(၁၉)နှစ်ထက်မကြီးသူဖြစ်ရမှာ ဖြစ်ကြောင်း နှင့် သင်တန်းတွင် တက်ရောက်ချိန် အနည်းဆုံး ၇၅% ပြည့်မီအောင် တက်ရောက်နိုင်သူ ဖြစ်ရမည့်အပြင် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်တန်းတွင် အရည်အချင်းပြည့်မီစွာ ဖြေဆိုအောင်မြင်သူများသည် ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ) ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ သင်တန်းသို့ ဆက်လက်၍ ပညာသင်ကြားခွင့်ရမည်ဖြစ်ပြီး ဘွဲ့ကြိုသင်တန်း ပြီးဆုံးသည်အထိ မူလတက္ကသိုလ်တွင် ဆက်လက်တက်ရောက်နိုင်သူ ဖြစ်ရာမှာ ဖြစ်ကြောင်း သတ်မှတ်ထားရှိသည်။
သင်တန်း အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ကျောင်းအပ်ကာလအဖြစ် (၁၅.၆.၂၀၁၅)မှ (၃၀.၆.၂၀၁၅)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအချိန်ထိ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)ရှိ ( ဖုန်း ၀၉၅၂၅၁၅၇၅ ၊ ၀၉၂၅၂၅၇၄၉၂၇) ကျောင်းသားရေးရာဌာနတွင် အပ်နှံရမှာဖြစ်ပြီး သင်တန်းကာလအား (၂၀.၆.၂၀၁၅) မှ (၁၀.၁၀.၂၀၁၅)ရက်နေ့အထိ စုစုပေါင်း (၃)လခွဲအကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။