ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးကို ဖွဲ့စည်း တာဝန်ပေးအပ်ပွဲရန်အတွက် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ရောက်ရှိလာပြီး တာဝန်ပေးအပ်မှု အဖြစ် ဇွန်လ (၁၄)ရက်၊ နံနက် (၁၀)နာရီ ၀န်းကျင်က မြို့မဘောလုံးကွင်းအနီးရှိ (၂၉)ဘတ် တည်းခိုခန်း နှင့် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် “တေးဂီတ လောကသားတွေကို အကာအကွယ်ပေးနိုင်ဖို့ အစည်းအရုံးကို အခြေခံစည်းမျဉ်း ဖွဲ့စည်းပုံရေးဆွဲပြီး မြို့နယ်အလိုက် ဖွဲ့စည်းထားပါတယ်၊ အမှုဆောင်အဖွဲ့ကိုတော့ မြို့နယ်အဆင့်တွေမှာ မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်လို့ မရသေးလို့ ဗဟိုက ရွေးချယ်ခန့်အပ်ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဌ ဦးတင်ဦးလေးမှ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးအား (၁၄.၉.၂၀၁၄)ခုနှစ်တွင် အမှုဆောင်များကို ဒီမိုကရေစီစနစ်နှင့်အညီ ဂီတလောကသားများအတွင်းမှ ရွေးချယ်၍ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြို့နယ်အဆင့်တွင် ရွေးကောက်တင်မြှောက်၍ အမှုဆောင်အဖွဲ့အား ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အတွက် ဂီတအစည်းအရုံး(ဗဟို)နှင့် ချိတ်ဆက်၍ လုပ်ငန်း လုပ်ကိုင်နိုင်သူများသာ ရွေးချယ်ခန့်အပ်၍ တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှလည်း တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးကို ဖွဲ့စည်းနိုင်ခဲ့သည်နှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။
“တေးဂီတလောကသားတွေ အနေနဲ့ အခြေခံစည်းမျဉ်းနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ချင်တယ်၊ ဖြည့်စွတ်ချင်တယ် ဆိုရင် မြို့နယ်အလိုက် အမှုဆောင်တွေက လာမယ့် ညီလာခံမှာ ဆွေးနွေးနိုင်ပါတယ်၊ ကျွန်တော်တို့ ဂီတအစည်းအရုံးအနေနဲ့ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလဲ ပြည်သူ့လွှတ်တော်ကို တင်သွင်းပြီး ရေးဆွဲလျှက်ရှိပါတယ်”ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဒုဥက္ကဌ ဂီတစာဆို ဦးလွင်မြင့်က အခမ်းအနားတွင် ပြောကြားသည်။
မြန်မာ့သမိုင်းအား ပြောကြားရာတွင် ဂီတသမိုင်းမပါလျှင် မဖြစ်နိုင်ကြောင်း၊ ကိုလိုနီခေတ် သူ့ကျွန်ဘ၀ လွှတ်မြောက်ရန် တစ်နိုင်ငံလုံးရှိ ပြည်သူများအား စည်းရုံးလှုံ့ဆော်ရာတွင် သဘင်၊ ဂီတဖြင့် လှုံဆော်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂီတလောကဖွံ့ဖြိုးတိုးတက်ရန် ပြည်နယ်နှင့်တိုင်းအလိုက် မြို့နယ်များတွင် ရှိသော ဂီတလောကသားများအား စုစည်းနိုင်ရန် အစည်းအရုံးအား လိုက်လံဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ခိုးကူးခွေများအား မြို့နယ်အလိုက် ဂီတအစည်းအရုံးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းကာ နှိင်နင်းရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား ဘာသာဖြင့် ဂီတခွေများ ထုတ်လုပ်ရာတွင် မှတ်ပုံတင်၍ ထုတ်လုပ်နိုင်မှသာ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးညွန့်လှိုင်လှိုင် က မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာများအား ပေးအပ်ရာ မြို့နယ်ဂီတအစည်းအရုံး မှ အတွင်းရေးမှူး ဦးစိန်လွင်က လက်ခံရယူပြီးနောက် မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ကိုယ်စား ဦးစိုင်းဆမ်(ခ)ဦးစိုင်းလွယ်ခမ်းက ကျေးဇူးတင်စကားပြောကြားသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ရွေးချယ်၍ ခန့်အပ်လာသော တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များတွင် ဥက္ကဌ အဖြစ် ဦးစိုင်းဆမ်၊ ဒုတိယ ဥက္ကဌ အဖြစ် ဦးထွန်းအောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိန်လွင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးအိုက်ခမ်း၊ စည်းရုံးရေးမှူး အဖြစ် ဦးစိုင်းထွန်းအေး၊ ပြန်ကြားရေးမှူးအဖြစ် ဦးစိုင်းခမ်းလူ နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းခမ်းနွဲ့အပြင် အဖွဲ့ဝင်များအဖြစ် ဦးစိုင်းရှဲန်းဝန်း၊ ဦးစိုင်းမျိုးနောင်၊ ဦးဝင်းမြင့် နှင့် ဒေါ်နန်းဆောင်နွန်းတို့ ပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မြို့နယ်ဂီတအစည်းအရုံးအား အမှုဆောင်(၁၂)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အတွင်းရှိ တေးဂီတ၀ါသနာရှင်များနှင့် ဂီတချစ်မြတ်နိုးသူများ ဂီတအစည်းအရုံးတွင် ပါဝင်နိုင်ကြောင်း သိရသည်။