ဇနီးနှင့်သားသမီးများ နေအိမ်ပြန်မလာ၍ ဖခင်ဖြစ်သူ စိုးရိမ်ပူပန်နေ

ဇနီးနှင့်သားသမီးများ နေအိမ်ပြန်မလာ၍ ဖခင်ဖြစ်သူ စိုးရိမ်ပူပန်နေ
ဇွန် 18, 2015
By Tachileik News Agency

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် နေထိုင်ပြီး နေအိမ်မှ ဇွန်လ(၁၅)ရက်နေ့က ထွက်ခွာသွားကာ ယနေ့ ဇွန်လ(၁၈)ရက်နေ့အထိ နေ့အိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးသည့် ဇနီး နှင့် သားသမီး(၃)ဦးအား စိုးရိမ်ပူပန်နေလျက်ရှိသည့်အတွက် နေအိမ်သို့ အမြန်ဆုံး ပြန်လာစေလိုကြောင်း ခင်ပွန်းဖြစ်သူ ကိုကျော်မှ တာချီလိတ်သတင်းအေဂျင်စီ၏ ရုံးခန်းသို့ လာရောက်၍ ယနေ့ ညနေ(၆း၄၅)နာရီအချိန်က အသိပေးပြောကြားကာ အကူအညီတောင်းခံလာသည်။

"ခါတိုင်းလည်း အိမ်ကနေ ကလေးတွေကို ခေါ်ပြီး ထွက်ထွက်သွားတာ၊ သိပ်မကြာဘူး၊ အခုတော့ (၃)ရက်လောက်ရှိပြီး၊ ကလေးတွေအတွက် အရမ်းစိတ်ပူတယ်၊ ကျွန်တော့် အလုပ်က ကားမောင်းရတဲ့ အလုပ်ပါ၊ ကားမောင်းရတာလည်း စိတ်ကမဖြောင့်ဘူး၊ ဘယ်လိုဖြစ်ဖြစ် ဇနီးနဲ့ကလေးတွေ အမြန်ဆုံး အိမ်ကို ပြန်လာစေချင်ပါပြီ၊ အားလုံးလည်း လမ်းမှာတွေ့ရင် ကျွန်တော့် ဖုန်းကို ဆက်ပြီး အသိပေးကြပါ၊ သူတို့ကို လက်ခံထားသူများ အနေနဲ့လည်း အိမ်ကို ပြန်သွားဖို့ ပြောပေးစေချင်ပါတယ်.."ဟု ကိုကျော်မှ ပြောသည်။

"အကြီးမလေးဆိုရင် (၆)တန်းတက်နေပြီ၊ ကလေးတွေအနေနဲ့ တခြားအိမ်မှာ နေနေရတယ်ဆိုရင်၊ နေရေးထိုင်ရေး စိတ်ပူတာတော့ အမှန်ပဲဗျာ၊ လက်ခံထားသူများကိုလည်း ကျေးဇူးတင်ပါတယ်၊ အိမ်ကိုပြန်ပို့ပေးစေလိုပါတယ်"ဟု ၎င်းမှ ထပ်မံပြောဆိုလာသည်။

နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့် ဇနီးဖြစ်သူ၏ အမည်မှာ မနားလဲ(ခ) လားဟူမ(ခ) မနွယ်ဖြစ်ပြီး အသက်မှာ (၃၂)ရှိကြောင်း၊ မိခင်နှင့်အတူ ပါသွားသည့် ကလေးငယ်များအနက် အကြီးဆုံး သမီးမှာ အသက်(၁၂)၀န်းကျင်ရှိပြီး (၆)တန်းတက်နေကြောင်း၊ ဒုတိယ ကလေးမှာ အသက်(၆)နှစ်ရှိပြီး အမည်မှာ အိသန္တာကျော် ဖြစ်ကြောင်း နှင့် အငယ်ဆုံး ကလေးမှာ မောင်ဇော်မျိုးထွန်းဖြစ်ပြီး အသက်မှာ (၄)နှစ်အရွယ်ရှိကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိသေးသည့် ၎င်းတို့အား မည်သည့်နေရာတွင် မဆို တွေ့ရှိရပါက ကိုကျော်၏ ဖုန်းဖြစ်သည့်  မြန်မာဖုန်း။  ။ 09-428223240 နှင့် ထိုင်းဖုန်း။   ။ 09-91379424 သို့ အမြန်ဆုံးဆက်သွယ်ပေးစေလိုကြောင်း ကိုကျော်မှ မေတ္တာရပ်ခံကာ အကူအညီတောင်းခံလာသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~