တာချီလိတ်မြို့ပေါ် အချို့လမ်းကြားများတွင် လမ်းမီးများ မလင်း၍ ခိုး ဆိုး လုယက်သူများ ခိုအောင်းနေမည်ကို ဒေသခံများ စိုးရိမ်

တာချီလိတ်မြို့ပေါ် အချို့လမ်းကြားများတွင် လမ်းမီးများ မလင်း၍ ခိုး ဆိုး လုယက်သူများ ခိုအောင်းနေမည်ကို ဒေသခံများ စိုးရိမ်
ဇွန် 26, 2015
By Tachileik News Agency

တာချီလိတ်မြို့ပေါ် အချို့ရပ်ကွက်များအတွင်း ဆေးသမားများနှင့် သူခိုးများ ပေါများနေသည့်အတွက် ရပ်ကွက်အတွင်း လုံခြုံမှုရှိစေရန် တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

သတိပေးထားမှုတွင် ရပ်ကွက်နေပြည်သူများ အနေဖြင့် ညဘက် အိပ်ယာဝင်ချိန်များတွင် အိပ်ယာမ၀င်မီ မိမိတို့၏ အိမ်တွင်း အိမ်ပြင် တံခါးပေါက်များ၊ ပြတင်းပေါက်များ၊ ခြံတံခါးများအား လုံခြုံစွာ ပိတ်ထားခြင်း ရှိမရှိကို စစ်ဆေးပြီးမှသာ အိပ်ယာသို့ ၀င်စေလိုကြောင်း နှင့် ဆေးသမားများ၊ သူခိုးများနှင့် မသင်္ကာဖွယ် လူများကို တွေ့ရှိရပါက ရပ်ကွက်ရုံးသို့ အကြောင်းကြားစေလိုကြောင်း အသိပေးထားရှိသည်။

"ပြီးခဲ့တဲ့ ရက်က လှည့်ကင်းပတ်နေတုန်း သူခိုးတစ်ယောက်ကို ဖမ်းမိတယ်၊ လူငယ်လေးပဲ၊ အသက်(၁၆)နှစ်ပဲရှိသေးတယ်...."ဟု ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်မှ ပြောပြသည်။

တာချီလိတ်မြို့ပေါ် အချို့နေရာများ၊ လမ်းကြားများတွင် လမ်းမီးများမှာ လင်းနေခြင်းမရှိဘဲ မှောင်နေသည့် အတွက် သူခိုးများ၊ ဆေးသမားများနှင့် မသမာသူများ စုဝေးနေတတ်သည်ဖြစ်သည့်အတွက် အများပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မှောင်နေသည့် နေရာများတွင် လမ်းမီးများ လင်းစေလိုကြောင်း ဒေသခံ ပြည်သူများမှ တောင်းတနေကြောင်း ကြားသိရသည်။

"တစ်ချို့ လမ်းကြားတွေမှာ ဓါတ်မီးတိုင်ရှိပေမဲ့လည်း မီးက မလင်းဘူး၊ မီးမလင်းတော့ မှောင်နေခြင်းဟာ ဒုစရိုက်သမားတွေကို အားပေးရာ ရောက်နေသလို ဖြစ်နေတယ်၊ အဲ့ဒီအတွက် ဓါတ်မီးတိုင်ရှိတဲ့ နေရာတိုင်း လမ်းကြားတွေမှာ လမ်းမီးလင်းနေမှ အများအတွက် အဆင်ပြေမှာပါ၊ တာဝန်ရှိသူများ အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုပါတယ်.."ဟု ရန်အောင်မြေရပ်ကွက်နေ အာခါတိုင်းရင်းသားတစ်ဦးက ပြောသည်။

"မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မယ်ခေါင်ရပ်ကွက်ထဲမှာတောင် လမ်းမီးက မလင်းဘူး၊ တလောတုန်းက အမှတ်(၂) ချစ်ကြည်ရေး တံတားနားက မြို့ပတ်လမ်းက ဖြတ်ပြန်လာတာ မှောင်နေတယ်.."ဟု ဒေသခံတစ်ဦးက ပြောသည်။

"အရင်​တုန်းက ညပိုင်းဆို ​ဂေါက်​ကွင်းလမ်းကို ​လေညှင်းခံသွားတယ်​ အခုသိပ်​မသွားရဲဘူး၊ လမ်း​ဘေးမီးက အပြည့်​မလာတာ​ရော ပစ္စည်းလုတဲ့သတင်း​တွေ ခဏခဏကြာ​နေ​တာရောဆိုတော့ မသွားရဲတော့ဘူး၊ တာချီလိတ်​မှာ​ မူးယစ်ဆေးဝါး သုံးစွဲသူတွေ​ များလာလို့လားမသိဘူး၊ ခိုးဆိုးလုယက်တွေ များလာတယ်လို့ သတိထားမိတယ်၊ ညသန်းခေါင်ချိန်တို့ မနက်ရောက်ခါနီးတို့ဆိုရင် ကီလိုကောက်သလိုလိုနဲ့ အိတ်တွေကိုယ်စီနဲ့ ဗိုလ်ချုပ်လမ်းမတစ်လျှောက်နဲ့ လမ်းကြားတွေ တော်တော်များများမှာ တွေ့နေရတယ်.."ဟု ဒေသခံတစ်ဦးမှ ဆိုသည်။

"နေ့ခင်းကြီးတောင် ပိုက်ဆံအိတ်လုခံရတာတွေတောင်ရှိနေတာ၊ ညဖက်ဆို ကြောက်စရာပဲ၊ ရဲအင်အားကလည်း တာချီလိတ်ခရိုင် တစ်ခုလုံးမှာမှ (၃၀၀)ကျော်ပဲ ရှိတယ်လို့ သိရတယ်ဗျ၊  အဲ့ဒီအတွက် ကိုယ့်တိုင်လည်း အထူးဂရုစိုက်ဖို့လိုလိမ့်မယ်.."ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးက ပြောသည်။

လုယက်မှုများနှင့် ပတ်သက်၍ "ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လုယက်မှုတွေ ဖြစ်သွားလို့ ကိုယ့်အိတ်ထဲက ဘယ်လောက်ပဲ ပါသွားပါသွား၊ တန်ဖိုးနည်းနည်းများများ၊ စခန်းကို လာပြီး အမြန်ဆုံး အမှုဖွင့်ဖို့လိုပါတယ်၊ အမှုလာဖွင့်မှ ဖြစ်စဉ်ကို အသေးစိတ်သိရပြီဆိုရင် ကျွန်တော်တို့ ဘက်က တရားခံကို ဖမ်းဆီးရမိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးလို့ရမှာပါ...."ဟု နယ်ထိန်းတပ်ဖွဲ့တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ နှင့် ပတ်သက်၍"မှုခင်းကျဆင်းရေး အတွက်ဆိုရင် အများပြည်သူကပါ ပူးပေါင်း ပါဝင်ဖို့လိုတယ်၊ ဖြစ်စဉ်ကို သိလျက်နဲ့ သတင်းမပေးရင် ရဲကတောင် သတင်းထိန်ချန်သူကို တရားစွဲလို့ရတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ တာလော့ရပ်ကွက်အတွင်း မှုခင်းကျဆင်းရေး ဟောပြောပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း။  ။ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~