ကျပ်သိန်းပေါင်း(၃၅၀၀၀)၀န်းကျင်ရှိ စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်သည့်စက် အပါအ၀င် ဆက်စပ်ပစ္စည်းများအား ဇွန်လ(၁၃)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် တာချီလိတ်၌ မဟာမဲခေါင် စစ်ဆင်ရေး(၂)အတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ထံမှ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၏ သတင်းရရှိချက်အရ မူးယစ်တပ်ဖွဲ့စု(၁၀၄)နေပြည်တော်၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်တပ်နယ် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်အား ၀င်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား (၂၀,၇၆၄)ပြား၊ စိတ်ကြွဆေးမှုန့် (၆၂.၅၀၃)ကီလို၊ ကဖင်း(၂၅၀)ဂရမ်နှင့် ဘိန်းဖြူ(၁၃)ဂရမ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
“အခုအမှုကတော့ မဟာမဲခေါင်(၂)စစ်ဆင်ရေးမှာ အများဆုံး ဖမ်းဆီးရမိမှုပါဘဲ၊ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်တွေနဲ့ အပူပေး ကိရိယာတွေရောပါတယ်”ဟု မူးယစ်တပ်ဖွဲ့စု(၃၀)မှ ဒုရဲမှူး သန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဆေးဝါးထုတ်လုပ်သည့် Wy စာတမ်းပါ တံဆိပ်ရိုက်တံ (၂၂)ချောင်း၊ မော်တာတပ်ဆင်ထားသည့် ဆေးပြား (၉)ပြားကျ ရိုက်စက်(၁)လုံး၊ စိတ်ကြွဆေးမှုန့်မွှေသည့်စက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူဖြစ်သည့် နန်းကိန်မွန်း နှင့် စိုင်းအိုက်ခမ်းတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၀၀/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၁၆(ခ)/၂၁ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မဟာမဲခေါင်(၂) မူးယစ်ဆေးဝါး စစ်ဆင်ရေးအား ၂၀၁၅ခုနှစ် မေလ(၁၁)ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ(၁၂)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း နှင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် တရုတ်နိုင်ငံတို့ ပါဝင်ပြီး မဲခေါင်မြစ်ဝှမ်းဒေသတွင်း စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။