စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ပတ်ကာ ဘုရားဖူးရန်အတွက် ၂၀၁၄ခုနှစ် မေလ(၂၉)ရက်နေ့က ၎င်းတို့နေထိုင်ရာ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်မှ ထွက်ခွာလာပြီး ၂၀၁၅ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် ဇနီးမောင်နှံနှစ်ဦးအား တာချီလိတ်မြို့ရှိ စေတနာရှင်များမှ ဘုရားဖူးစရိတ်အဖြစ် ပါဝင်လှူဒါန်းမှုများရှိကြောင်း နှင့် စက်ဘီးဖြင့် ကာလအတန်ကြာ စီးနင်းကာ ခရီးသွားလာနေမှုကို အံ့သြနေကြောင်း သိရသည်။
အသက်(၅၈)နှစ်ရှိ ဦးချို နှင့် ဒေါ်သန်းမြင့်(ဒေါ်ခင်မြင့်ဝင်း)တို့ ဇနီးမောင်နှံသည် စက်ဘီးတစ်စီးဖြင့် ဇာတိဖြစ်သည့် နေပြည်တော်မှ တဆင့် မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုပ္ပား၊ ပုဂံ၊ ပြည်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့များအပါအ၀င် အခြားမြို့များသို့ ရောက်ရှိခဲ့ပြီးနောက် ၂၀၁၅ခုနှစ် ဇွန်လ(၂၈)ရက် နေ့လည်ပိုင်းမှာ တာချီိလိတ်မြို့သို့ ရောက်ရှိတာ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် နေအိမ်မှ စက်ဘီးတစ်စီးဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူးထွက်လာခဲ့စဉ်မှာ ဆန်(၄)ဗူး၊ ဆီ(၅)ကျပ်သား နှင့် ကျပ်ငွေ(၁)သိန်းတိတိသာ ပါလာသော်လည်း ယနေ့ အချိန်ထိ လမ်းခရီးတွင် အစာရေစာ ပြတ်လပ်ခဲ့ခြင်း မရှိကြောင်း နှင့် မည်သည့် အခက်အခဲမျှ မရှိခဲ့ကြောင်း သိရသည်။
"ဒီလိုပဲ စေတနာရှင်တွေက ဆန်(၃/၄)ဗူးထည့်ပေးလိုက်၊ (၁)ပြည်ပေးလိုက်နဲ့ လမ်းမှာ အစားအသောက်ပြတ်လပ်တာတော့ မရှိခဲ့ဘူး၊ စေတနာရှင်များက ဘုရားဖူးစရိတ်ထောက်ပံ့ လှူဒါန်းကြတာတွေလည်းရှိပါတယ်..၊ အမျိုးသားဆိုရင် အိမ်ကနေထွက်လာတဲ့ အချိန်ကနေ အခုအချိန်ထိ လမ်းမှာ စက်ဘီး(၂၈)စီး နဲ့ ဆိုင်ကယ်(၂)စီးကိုလည်း ငွေကြေးမယူဘဲ အခမဲ့ ပြင်ပေးခဲ့တယ်၊ သွားလေရာမှာလည်း ကိုယ်ရဲ့စက်ဘီးကိုလည်း ပြင်လို့ရအောင်နဲ့ သူများစက်ဘီးကိုလည်းပြင် ပေးလို့ရအောင် ပစ္စည်းတွေ ထည့်လာတယ်.."ဟု ဦးချို၏ ဇနီးဒေါ်သန်းမြင့်(ဒေါ်ခင်မြင့်ဝင်း)မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ဇနီးမောင်နှံနှစ်ဦးလုံး ရက်အတော်ကြာ စက်ဘီးနဲ့ ဘုရားဖူးထွက်လာတဲ့အခါမှာ လမ်းမှာ အစာရေစာ ပြတ်လပ်တာ မရှိဘူးဆိုတာဟာ ဘုရား၊ တရား တန်ခိုးလို့ ပဲ ပြောရမှာပဲ၊ အံ့သြစရာလည်း ကောင်းတယ်"ဟု တာလော့ရပ်ကွက်နေ ကိုချမ်းအေးက ပြောသည်။
ယခုလို ခရီးစဉ် စတင်ပေါ်ပေါက်လာသည့် ကိစ္စနှင့်ပတ်သက်၍ "ငါကောင်းတဲ့အလုပ်လုပ်တာ၊ ဖြစ်ချင်တာဖြစ်၊ မြန်မာပြည်ထဲမှာရှိတဲ့ ဘုရားတွေကို အတက်နိုင်ဆုံးကြိုးစားပြီးတော့ ဖူးမယ်ဆိုတဲ့ စိတ်ဝင်သွားပြီးတဲ့နောက် အဲ့ဒီအချိန်ကနေ လင်မယားနှစ်ယောက်တည်း စက်ဘီးတစ်စီးနဲ့ စထွက်လာခဲ့တာ ယနေ့အချိန်ထိပါပဲ၊ ခရီးစဉ် အဆုံးသတ်ဖို့တော့ မရှိပါဘူး၊ သွားနိုင်သလောက် ဆက်သွားနေဦးမှာပါ.."ဟု ဦးချိုမှ ပြောပြသည်။
"နောက်တစ်ခုက အခုလို သွားလာခဲ့တဲ့ ခရီးစဉ် မှတ်တမ်းလေးတွေ ပြုစုထားတယ်၊ ရောက်တဲ့နေရာမှာ ဓါတ်ပုံမှတ်တမ်းလေးတွေ လုပ်ထားတယ်၊ အဘလို မသိတဲ့လူတွေအတွက် ခရီးသွား မှတ်တမ်းစာအုပ်လို စာစောင်လိုထုတ်ဖို့ထိ စဉ်းစားထားတယ်၊ ထုတ်ဖြစ်ရင်လည်း ရောင်းစားဖို့ မဟုတ်ဘူး၊ အခမဲ့ပဲ ဖြစ်သွားမှာပါ၊ ဒီစာအုပ်ကို ကြည့်ပြီး ဘယ်နေရာမှာ ဘယ်ဘုရားရှိတယ်၊ ဥပမာ ဘယ်ဘုရားကိုသွားရင် လှေကားကအစ ဘယ်နှစ်ထစ်ရှိတယ်ဆိုတာကို မှတ်သားထားတယ်၊ မသွားနိုင်ရင်တောင် ဒီမှတ်တမ်းကို ကြည့်ရင်လည်း သူတို့အတွက် ဗဟုသုတတစ်မျိုးရတာပေါ့၊"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
"ရောက်တဲ့နေရာက ဘုန်းကြီးကျောင်းတွေကတော့ ခဏတာ တည်းခိုခွင့်တွေ ပေးတယ်၊ ပြန်ရင်လည်း အခြားမြို့က ဘုန်းကြီးကျောင်းတွေမှာ တည်းခိုခွင့်ရအောင်လည်း ထောက်ခံစာတွေ လုပ်ပေးလိုက်သေးတယ်.."ဟု ဇနီးဖြစ်သူ ဒေါ်သန်းမြင့်(ဒေါ်ခင်မြင့်ဝင်း)က ပြောပြသည်။
အဆိုပါ ဇနီးမောင်နှံ နှစ်ဦးတွင် သားသမီး(၃)ဦး မွေးဖွားခဲ့သော်လည်း အခါလည်မှာပင် အသီးသီးဆုံးပါးသွားခဲ့သည့်အတွက် လက်ရှိတွင် နှစ်ဖက်စလုံးမှာ ဆွေမျိုးများ မရှိတော့ကြောင်းနှင့် ၎င်းတို့ နှစ်ဦးသာ ကျန်ရှိပြီး နေအိမ်အား ဘုန်းကြီးကျောင်းတွင် အပ်ခဲ့ကာ ယခုလို ဘုရားဖူးထွက်လာတာ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးထဲမှ တစ်ဦးဆုံးပါးသွားပါကလည်း နေအိမ်အား ဘုန်းကြီးကျောင်းသို့ လှူဒါန်းလိုက်မှာဖြစ်ပြီး ကျန်ရှိခဲ့သူ တစ်ဦးမှာ သာသနာ့ဘောင်ဝင်ရောက်ရန်အတွက် နှစ်ဦးသဘောတူ ဆုံးဖြတ်ထားရှိကြောင်း ဇနီးမောင်နှံနှစ်ဦးစလုံးမှ ပြောပြသည်။
အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ရောက်သည့် မြို့များရှိ ဘုန်းကြီးကျောင်းများမှ တည်းခိုခွင့်ပြုခဲ့ကြပြီး ယခုတာချီလိတ်ရောက်သည့်အခါမှာ ကိုအောင်ဆန်းဝင်း (ခ) ကိုမောင်ဝင်းမှ နိုင်းစတားဟိုတယ်တွင် တည်းခိုနိုင်ရန်အတွက် စီစဉ်ထားရှိပေးပြီး (၂.၇.၂၀၁၅)ရက်နေ့တွင် တာချီလိတ်မှ ကျိုင်းတုံသို့ ထွက်ခွာမှာ ဖြစ်ကြောင်း သိရသည်။
"ဒီလို လူမျိုးတွေကို တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးရတာဟာ သိပ်ကောင်းပါတယ်၊ ကျွန်တော့်အနေနဲ့ဆိုရင်လည်း အခုလို စက်ဘီးနဲ့သွားလာနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ငွေသားတစ်ချို့ ကန်တော့ခဲ့ပါတယ်..."ဟု တာချီလိတ်ဒေသံ တစ်ဦးက ပြောသည်။
အဆိုပါဇနီးမောင်နှံနှစ်ဦးသည် ဇူလိုင်လ(၂)ရက်နေ့တွင် ကျိုင်းတုံသို့ ထွက်ခွာမှာဖြစ်ပြီး ထိုမှတဆင့် တောင်ကြီးသို့ ပြန်လည်သွားရောက်ကာ မြစ်ကြီးနား၊ မိုးကုတ်၊ စစ်ကိုင်း နှင့် အခြားမြို့များသို့ ဆက်လက်ဦးတည်ရန်အတွက် စဉ်းစားထားကြောင်း သိရသည်။
မှတ်ချက်။ ။ အဆိုပါ ဇနီးမောင်နှံနှစ်ဦးအား ခရီးစရိတ်သော်လည်းကောင်း၊ ဘုရားဖူးရန်အတွက်သော် လည်းကောင်း၊ အခြားအကြောင်းအရာများ မေးမြန်းလို၍လည်းကောင်း ထောက်ပံ့လှူဒါန်းလို၍ လည်းကောင်း၊ ဦချိုကိုင်ဆောင်သည့် ဖုန်း( 09-265133416)သို့ ဆက်သွယ်နိုင်မှာဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် တာချီလိတ်၌ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့နံနက်ပိုင်းအချိန်ထိ ရှိနေမှာဖြစ်ပြီး နိုင်းစတားဟိုတယ်တွင် တည်းခိုနေလျှက်ရှိကြောင်းသိရသည်။
သတင်း။ ။ ကိုဇောင်း