တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပေါ် လမ်းမကြီးတွင် ထိုင်းအာဏာပိုင်များမှ ဆက်လက်၍ စစ်ဆေးခြင်း၊ လမ်းဘေးဆီးစစ်ခြင်းများကို ယခုရက်ပိုင်းအတွင်း ပြန်လည် ပြုလုပ်လာလျှက်ရှိပြီး ယနေ့ ဇွန်လ(၂၉)ရက် နံနက်ပိုင်းတွင်လည်း လမ်းနှစ်ဘက်စလုံးတွင် မြန်မာနိုင်ငံသားများကိုသာ ရွေးချယ်၍ ဆီးစစ်ဆေးခြင်းနှင့် အခြားစစ်ဆေးခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။
"ပြောတော့ ဆီးမစစ်တော့ဘူးဆိုပြီး အခု စစ်နေကြတယ်၊ လိုတပ်ကုန်တိုက်ဘက်သွားတဲ့ လမ်းဘက်က မယ်ဆိုင်ဆိုနီထဝီးယွန့်အနီးမှာ တစ်ဖွဲ့၊ လိုတပ်အပြန် ယာဉ်ထိန်းရုံးအနီးနားမှာ တစ်ဖွဲ့ နှစ်ဖွဲ့စစ်နေကြတယ်၊ တစ်ဖွဲ့က ရိုးရိုးစစ်တယ်၊ တစ်ဖွဲ့က ဆီးပါစစ်နေတယ်.."ဟု မယ်ဆိုင်မြို့သို့ သွားရောက် ဈေးဝယ်သူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောလာသည်။
ပြီးခဲ့သည် ၂၀၁၅ခုနှစ် မတ်လ(၂၃)ရက် နံနက်(၁၀း၃၀)နာရီအချိန်က ချင်းရိုင်းခရိုင် ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျရန်းရိန်းထန်းသည် မယ်ဆိုင်မြို့မရဲစခန်း၌ မြန်မာ-ထိုင်းနယ်ခြားကော်မတီ ဆက်ဆံရေး တာဝန်ခံ/ဘာသာပြန် ဦးဘိုလေးအား တွေ့ဆုံကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ လာရောက်ကြသည့် မြန်မာနိုင်ငံသားများအပေါ် ဆီးစစ်ခြင်းကို လုံးဝမပြုလုပ်ခိုင်းတော့မှာ မဟုတ်ကြောင်း နှင့် ထိုင်းဘဏ်များမှ တရားဝင် ငွေထုတ်ခြင်းနှင့် ပတ်သက်၍လည်း ယခင်လို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခြင်းအဖြစ် မပြုလုပ်စေရန်နှင့် အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်ခြင်းများ မပြုလုပ်စေရန်တို့ အတွက် မတ်လ(၂၄)ရက် နံနက်(၉း၃၀)နာရီအချိန်တွင် မယ်ဆိုင်မြို့မရဲစခန်း၌ မယ်ဆိုင်မြို့နယ်အတွင်းရှိ ရဲဌာနစခန်းအားလုံးကို ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ကာ ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ကြောင်းအပြင် လွန်ခဲ့သော နှစ်လခန့်အတွင်းက ဆီးစစ်ခြင်းနှင့် ပတ်သက်၍ ငွေညှစ်တောင်းခံခြင်းပြုခဲ့သော အကျင့်ပျက်ရဲဝန်ထမ်းများကိုလည်း စစ်ဆေးအရေးယူခဲ့ပြီးကြောင်း ကတိစကား ပြောကြားခဲ့သော်လည်း ယခုအခါမှာ မယ်ဆိုင်မြို့ လမ်းမဘေးတွင် မြန်မာနိုင်ငံသားများအပေါ် ပြန်လည်၍ ဆီးစစ်ဆေးနေကြောင်း သိရသည်။
"ကျွန်တော့်အလုပ်သမားတစ်ဦး မနေ့က ဆီးစစ်ခံရတာ၊ ပေါ်တယ်ပြောလို့ ဖမ်းထားတယ်၊ အချုပ်ထဲ ထည့်ထားတာလည်း မဟုတ်ဘူး၊ ကျွန်တော့်ဆီကို ရဲက ဖုန်းဆက်လာတယ်၊ ဒဏ်ငွေဆောင်ပြီး ရွေးဖို့၊ အဲ့ဒါနဲ့ ကျွန်တော်က အများကြီးမတတ်နိုင်ဘူး၊ အများကြီးဆိုရင် မရွေးတော့ဘူး၊ အချိန်တန်ရင် ပြန်လွှတ်မှာပဲလို့ ပြောလိုက်တော့ ဘတ် (၅၀၀၀)လို့ ပြောလာတယ်.."ဟု တာချီလိတ်မြို့မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်း တစ်ဦးက ပြောသည်။
ယခင်က မြန်မာနိုင်ငံသားများအပေါ် ဆီးစစ်ခြင်း လုံးဝ မပြုလုပ်တော့ဟု ပြောကြားခဲ့ပြီးမှ ယခုပြန်လည် ဆီးစစ်ဆေးလာမှုအပေါ် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ( CNCMC )မှ မယ်ဆိုင်ဘက် အကြီးအကဲများ နှင့် တွေ့ဆုံ၍ အသိပေး ဆွေးနွေးကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို စစ်ဆေးသည့်အခါမှာ ဆီးစစ်ရာ၌ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ပေါ်လွင်ပါက ထိုင်းနိုင်ငံ ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲထားမှုအဖြစ် ထောင်ဒဏ် (၂၁)ရက် ချမှတ်မှာဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း