ဘေးမဲ့တောသို့ ဒုတိယအကြိမ် အလည်ရောက်ခြင်း ( ဆောင်းပါး )

ဘေးမဲ့တောသို့ ဒုတိယအကြိမ် အလည်ရောက်ခြင်း ( ဆောင်းပါး )
ဇွန် 11, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာ အနီးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးမဲ့လွှတ်တောစခန်းသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကားရောက်တာနဲ့ ဘေးမဲ့လွှတ်တော မန်နေဂျာ ကိုခင်မောင်ဆွေ နှင့် သူ့လုပ်ဖော်ကိုင်ဘက်တွေက အသင့်စောင့်ကြိုနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ကားဘေးမှာ အမြီးနှံ့နေကြတဲ့ ခွေးတစ်အုပ်ကြောင့် သတ္တိခဲကျွန်တော် ချက်ချင်း မဆင်းရဲဘဲ အခြေအနေစောင့်ကြည့်တော့မှ ကားပေါ်ကအရင်ဆင်းသွားကြတဲ့ ကော်မတီအဖွဲ့ဝင်တွေက သူတို့မှာပါလာတဲ့ ခွေးစာတွေ ချကျွေးတော့မှဘဲ ကားပေါ်က '' ဟင်း '' ချ ဆင်းရဲတော့တယ်ဗျာ။

တိရစ္ဆာန်လေးတွေဟာ သူတို့အန္တရာယ်ကင်းရှင်းရာအရပ်ကို ရောက်နေတယ်ဆိုတာ သူတို့ရဲ့စိတ်ထဲက သိနေသလား မပြောတတ်ပါဘူး။ ရန်လုပ်ဖို့မပြောနဲ့ မတပ်ရပ်ပြီးတောင်ကြိုလိုက်သေး။ ဒါနဲ့ ကျွန်တော်လည်း သူများဝယ်လာတဲ့ဟာနဲ့ ကုသိုလ်ယူလိုက်တော့ ခွေး (၁၀)ကောင်လောက် ကျွန်တော့် နားဝိုင်းလာပြီး အလုအယက်ကို စားနေတာမြင်ရတော့ ကြည်နူးလိုက်တာဗျာ။

ဒါနဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ယုန်၊ ကြက်ဆင်၊ ရစ် များထားရှိရာ နေရာကို တောင်ပေါ်ကားလမ်းအတိုင်း ကားမောင်းတက်သွားရင်းက တွေ့မြင်ရတဲ့ တောတောင်စိမ့်စမ်း ရှုမျှော်ခင်းများနဲ့ သစ်ရနံ့မျိုးစုံတို့ကြောင့် စိတ်ကို လန်းဆန်းကြည်နူးစေခဲ့ပါတယ်။

သစ်အယ်၊ သစ်ချ၊ သစ်ယား၊ ဇီးဖြူ၊ စာသူငယ်ဦးနှောက် ယမနေ၊ မြယာ၊ ဂွေး၊ လက်ပံ၊ ဖက်ဝန်း၊ ၀ါးဘိုး၊ မျှစ်ဝါး၊ ၀ါးပါး၊ ၀ါးယား၊ ဘီစပ် စတဲ့ သစ်ပင်မျိုးစုံ၊ ၀ါးပင်မျိုးစုံတို့ဟာ အစီအရီ ပေါက်ရောက် ရှင်သန်နေတာကို တွေ့မြင်နေရပြီး၊ ထိုသစ်ပင်တွေပေါ်မှာ အမှီပြုနေထိုင်ကျက်စားကြတဲ့ ကျေးငှက်လေးတွေရဲ့အသံသာသာဟာလည်း တောတောင်နဲ့ ပနာတင့်လှပါတယ်။

ယခင် ထိုနေရာတွင် ဒေသခံ ရွာသားများ၏ အလွန်အမင်း သစ်ခုတ်ယူမှု၊ ထင်းခုတ်ယူမှု၊ စီးပွားဖြစ် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်မှု တောင်ယာ စိုက်ခင်းတို့ကြောင့် သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ်လျက်ရှိရာမှ ဘေးမဲ့တောဝန်ထမ်းများ၏ စနစ်တကျထိန်းသိမ်း စောင့်ရှောက်ထားမှုကြောင့်သာလျှင် စိမ်းစိုလန်းဆန်းနေသော တောတောင်ရှုမျှော်ခင်းများကို မြင်တွေ့နေရတာပါ။

ကျွဲ၊ နွား၊ ဆိတ်များ ထားရှိရာနေရာကို ရောက်သွားတော့ ပိုတောင်ပျော်ရွှင်ခဲ့ရပြန်ပါတယ်။ ကျွဲ၊ နွားတွေကို ဆားရည်တိုက်ကျွေးရင်း ခံစားရတဲ့ ပျော်ရွှင်မှု၊ ကျွေးမွေးတဲ့ အစာမရွေး အကုန်စားတတ်တဲ့ ဆိတ်ကလေးတွေကို ကြည့်ရင်း ကြည်နူးပီတိဖြစ်မှုတွေကို ပြောမပြတတ်တော့လို့ ကိုယ်တိုင်သာ သွားရောက်ကြစေချင်ပါတယ်ဗျာ။

သေချာတာ တစ်ခုကတော့ ဒီတစ်ခါရောက်ရှိ ခံစားနားလည်မိတာက ပထမတစ်ကြိမ်ရောက်တုန်းကနဲ့ လားလားမှ မသက်ဆိုင်တဲ့ ကြည်နူးပီတိဖြစ်မှု အသက်တစ်ချောင်းအတွက် တန်ဖိုးထားမြတ်နိုးတတ်မှု၊ တိရစ္ဆာန်လေးတွေရဲ့ ဘ၀ကို စာနာသနား နားလည်တတ်မှု၊ သစ်တော သစ်ပင်များရဲ့အရေးပါမှု စတဲ့ ရသမျိုးစုံကို တစ်ပြိုင်နက်ခံစားလိုက်ရတာ ပါဘဲ။

ပထမအကြိမ်တုန်းကတော့ ဒီလောက်ကြီးကျယ်မြင့်မြတ်လှတဲ့ ဘေးမဲ့လွှတ်တောကို တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့အင်အားနဲ့ တည်ထောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ '' မပြီးခင် ဗမာမြင် '' ခဲ့တာကိုလည်း ရိုးသားစွာဝန်ခံဝံ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘေးမဲ့လွှတ်တောကို ဦးအားဖာ (တပင်ရွှေထီး) မိသားစုက မိုင်းဖုန်းဆရာတော်ဘုရားကြီးနဲ့ ထိုင်ဝမ်ကျွန်းဆရာတော်ဘုရားကြီးတို့ကို အမှူးထားပြီး ပုံစံ(၁၀၅) ရှိပြီးသား
ဧက ၁၂၀ နှင့် လျှောက်ထားဆဲဧက ၃၈၀ (စုစုပေါင်း ဧက ၅၀၀၊ မိုင် ၂၀ ရှည်သော တောင်ပေါ်မြေသားလမ်း ဖောက်လုပ်ပြီးစီး) ကို ကော်မတီသို့ လှူဒါန်းပေးခဲ့ပြီး ကိုယ်တိုင်လည်း ကော်မတီခေါင်းဆောင်နေရာမှနေ၍ ကော်မတီအဖွဲ့ဝင်များ၊ တရုတ်ဘုံကျောင်းမှ ဆရာတော်၊ သီလရှင်များ၊ စေတနာရှင် ကုသိုလ်ရှင်များနဲ့ ပူးပေါင်းပြီး စွမ်းစွမ်းတမံ လှုပ်ရှားရုန်းကန်ခဲ့ကြလို့သာ တစ်နှစ်မတိုင်ခင် အချိန် အတွင်း ဒီလိုကြည်နူးပီတိဖြစ်စရာ မြင်ကွင်းမျိုးကို မြင်တွေ့ရတာလို့ပြောရင် လွန့်အံ့မထင်ပါဘူးနော်။

သို့ပေမဲ့ မည်သို့ပင်ဆိုစေကာမူ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ အင်အားနဲ့ ကြိုးစားရုန်းကန်ခြင်းထက် စုပေါင်းအင်အားနဲ့ ပူးပေါင်း တည်ထောင်လုပ်ဆောင်ခြင်းက ပို၍လျင်မြန်စွာ အောင်မြင်ပြီးစီးနိုင်မည့်အပြင် နှစ်ပေါင်း ကြာရှည်စွာ တည်တံ့နိုင်မယ်ဆိုတာကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။

ယခုဆိုရင် ဘေးမဲ့တောဧရိယာအတွင်း တည်ဆောက်ဆဲ ဆုတောင်းပြည့်စေတီ (၄)ဆူနဲ့ ဘေးမဲ့လွှတ်တောစခန်းကတော့ နောင်တစ်ချိန်မှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဘာသာပေါင်းစုံမှ ဇီဝိတဒါန ကုသိုလ်ရှင် စေတနာရှင်တွေနဲ့ ဗုဒ္ဓဘာသာဝင် တွေရဲ့အထွဋ်အမြတ်ထားရာ နေရာတစ်ခုအဖြစ်သို့ မလွဲဧကန်ရောက်လာတော့မှာဖြစ်ကြောင်း ခရီးသွားဆောင်းပါအဖြစ် ရေးသားတင်ပြ လိုက်ပါတယ်။

ဆောင်းပါး။   ။ ကိုထွန်း(မိုင်းဖြတ်)

ဘေးမဲ့လွှတ်တော စီမံကိန်း
(ထိုင်းဖုန်း ) 0823815999

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~