ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ အမှတ်(၅၂၆) ခြေမြန်တပ်ရင်းမှ ပြန်လည် စွန့်လွှတ်မြေများကို မူလလုပ်ကိုင်သူ ဒေသခံတောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့် ယာယီ ပုံစံ(၃)များအား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ ဇွန်လ (၅) ရက်၊ မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာ စကားပြောကြားပြီး၊ ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်မြေစာရင်း ဦးစီးဌာနမှူး ဦးမြင့်ကြိုင်က လယ်ယာမြေလုပ်ကိုင်ခွင့် ယာယီပုံစံ(၃) ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥယျာဉ်မြေ၊ ငါးကန်၊ ယာမြေအမျိုးအစားများပါဝင်သည့် စွန့်လွှတ်မြေဧက စုစုပေါင်း(၁၁၁.၀၁) ဧကအား တောင်သူ(၃၆)ဦးထံသို့ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့် ယာယီ ပုံစံ(၃)များကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း