တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း တင်ဒါရောင်းချမှုတွင် ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်း အနေဖြင့် UBL ကုမ္ပဏီမှ ကျပ်သိန်း (၆၀၀)ဖြင့် ယနေ့ မေလ(၁၉)ရက် နံနက်ပိုင်းက အဆိုပါ လုပ်ငန်းတင်ဒါရောင်းချမှုတွင် ၀ယ်ယူရရှိသွားကြောင်း သိရသည်။
ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း တင်ဒါရောင်းချမှုတွင် တင်ဒါရွေးချယ်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင်တို့မှ တင်ဒါ ရွေးချယ်နိုင်ရေးနှင့် စပ်လျဉ်း၍ အကြောင်းအရာများ၊ လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်း ပြောကြားသည်။
ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း တင်ဒါရောင်းချမှုတွင် ပြိုင်ဖက်မရှိပဲ တစ်ဦးတည်း အနေဖြင့် အဆိုပြုသူ UBL ကုမ္ပဏီမှ ဦးဘိုလေးက "တာချီလိတ်မြို့ အမှိုက်နှင့်မိလ္လာ သိမ်းဆည်းရန် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကျပ်သိန်းပေါင်း (၃၃၁၇)သိန်း ဖြစ်ပါတယ်၊ အမှိုက် သိမ်းဆည်းရန်အတွက် အသုံးပြုယာဉ်(၁၀)စီး အသုံးပြုမှာဖြစ်ပြီး၊ မိလ္လာသိမ်းဆည်းရန်အတွက် ယာဉ်(၂)စီး၊ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်ပုံကို ရှင်းလင်းဆောင်ရွက်ရန် ဘူဒိုဇာ(၁)စီး ထားရှိပြီး လုပ်ငန်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်.."ဟု အခမ်းအနားတွင် ရှင်းလင်းပြောကြားသည်။
"လုပ်ငန်းခွင်တွင် ၀န်ထမ်း အင်အား အနေဖြင့် အုပ်ချုပ်ရေးဝန်ထမ်း (၃)ဦး၊ ကြီးကြပ်ရေးဝန်ထမ်း (၇)ဦး နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၆၈)ဦး စုစုပေါင်း ၀န်ထမ်း (၇၈)ဦးကို ခန့်ထားသွားမည်ဖြစ်ကြောင်း၊ မြို့အတွင်း အမှိုက်သိမ်းဆည်းရန် အတွက် အမှိုက်သိမ်းယာဉ် (၈)စီးဖြင့် အစီရင်ခံစာပါ လမ်းကြောင်းများ အတိုင်း တစ်ရက်ခြားတစ်ကြိမ် ခေါင်းလောင်းတီး စနစ်ဖြင့် သိမ်းဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဈေး(၈)ခုအတွက် အမှိုက်သိမ်းယာဉ် (၂)စီး ထားရှိကာ သိမ်းဆည်းသွားမှာ ဖြစ်ကြောင်း"၎င်းမှ ဆက်လက်ပြောကြားသည်။
အမှိုက်သိမ်းဆည်းရေး အနေဖြင့် ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် အခမဲ့ အမှိုက်သိမ်းပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် လူနေအိမ်များတွင် အမှိုက်သိမ်းဆည်းခ အဖြစ် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ပေးထားသည့် နှုန်းများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း UBL ကုမ္ပဏီမှ ဦးဘိုလေး၏ ရှင်းလင်းပြောပြချက်အရ သိရသည်။
ယင်းနောက် စိစစ်ရွေးချယ်ရေးအဖွဲ့မှ အဖွဲ့အလိုက် စိစစ်ရွေးချယ်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် ကုမ္ပဏီများ ခိုင်မာမှုနှင့် တင်ပြသည့် အထောက်အထားများ၊ အခြား အကြောင်းအရာများကို တင်ပြမှု စိစစ်ရေးအဖွဲ့ (အဖွဲ့-၁)နှင့် ပတ်သက်၍ အင်ဂျင်နီယာမှူး ဦးလှမျိုးမှလည်းကောင်း၊ ကုမ္ပဏီမှ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ရပ်ကွက်များ အတွင်း ကောက်ခံမည့် အမှိုက်နှင့် မိလ္လာသိမ်းဆည်းခ နှုန်းထားများနှင့် ကောက်ခံမည့် အစီအစဉ် လျာထားမှုများနှင့် စပ်လျဉ်း၍ တင်ပြမှု စိစစ်ရေးအဖွဲ့ (အဖွဲ့-၂)မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးထိန်မင်းက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာများမှ ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာသိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်း တင်ဒါရောင်းချမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီးနောက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးကြသည်။
မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ ဦးကြည်မြင့်က ယင်းလုပ်ငန်းနှင့် ပတ်သက်၍ တာဝန်နှင့်စေတနာ ပေါင်းစပ်၍ လုပ်ကိုင်စေလိုကြောင်း နှင့်အမှိုက်ပုံးများ လမ်းကြားများတွင် လုံလောက်မှု မရှိခြင်းကြောင့် အမှိုက်စွန့်ပစ်မှုများ အတွက် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုတင်ပြသည်။
မြို့နယ်အထောက်အကူပြု ကော်မတီမှ အဖွဲ့ဝင် ဦးတင်နွယ်က အမှိုက်သိမ်းနိုင်မည့် ပစ္စည်း နှင့် အမှိုက် စွန့်ပစ်ရာတွင် အသုံးပြုနိုင်မည့် အထောက်အကူပြု ပစ္စည်းများကို UBL ကုမ္ပဏီမှ သင့်လျော်သော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်လျှင် အမှိုက်စွန့်ပစ်သူများ အတွက် အထောက်အကူဖြစ်စေကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးရာ အဆိုပါ အကြံပြုတင်ပြဆွေးနွေးမှုများကို UBL ကုမ္ပဏီမှ ဦးဘိုလေးက အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ " လုပ်ငန်းဆောင်ရွက်ခွင့် ရသည့် ကုမ္ပဏီသည် တဆင့်ခံ ကန်ထရိုက် ထပ်မံပြောင်းလွှဲခြင်းကို ခွင့်မပြုကြောင်း၊ အမှိုက်သိမ်းဆည်းခ ကောက်ခံရာတွင် သတ်မှတ်နှုန်း အတိုင်းသာ ကောက်ခံရမှာဖြစ်ကြောင်း၊ အမှိုက်များ လိုက်လံ သိမ်းဆည်းရာတွင် ကြံ့ခိုင်မှု မရှိသည့် ယာဉ်များ၊ အန္တရာယ်ရှိစေနိုင်သည့် ယာဉ်များ၊ မှတ်ပုံတင်မဲ့ ယာဉ်များ သုံးစွဲခြင်းကို မပြုကြောင်း၊ သန့်ရှင်းရေး ထမ်းဆောင်သူ အားလုံးတို့သည် သတ်မှတ် ၀တ်စုံကိုသာ ၀တ်ဆင်၍ တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိလ္လာစွန့်ပစ်ရန်နေရာကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အတည်ပြု သတ်မှတ်ပေးထားသည့် နေရာ၌သာ စွန့်ပစ်ရမည်ဖြစ်ကြောင်း နှင့် စာချုပ်ပါ သတ်မှတ်ကောက်ခံနှုန်းထက် ပိုမိုကောက်ခံခြင်း၊ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ခြင်းတို့ကို စိစစ်တွေ့ရှိရပါက လုပ်ငန်းဆောင်ရွက်ခွင့် ရုပ်သိမ်းခံရမည့် အပြင် တင်သွင်းထားသော လုပ်ငန်းဆောင်ရွက်မှု အာမခံငွေကို ကော်မတီပိုင်အဖြစ် သိမ်းယူခြင်း ခံရမည်ဖြစ်ကြောင်း"စသည်ဖြင့် စည်းကမ်းချက် အချက်(၃၀)ကို ထည့်သွင်းသတ်မှတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အမှိုက်သိမ်းဆည်းခ ကောက်ခံရာတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော ပုဂ္ဂလိက အိမ်ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ဘေးအန္တရာယ်လုပ်ငန်းများကို ပထမတန်းစား၌ (၁)လလျှင် (၇၅၀၀)ကျပ် ကောက်ခံသွားမှာဖြစ်ပြီး၊ လုပ်ငန်းမရှိသော လူနေအိမ်များတွင် မီးဖိုချောင်သုံး အမှိုက်သိမ်းဆည်းခအဖြစ် RC သုံးထပ်နှင့်အထက် အိမ်တစ်အိမ်ကို တစ်လလျှင် (၄၀၀၀)ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက ဈေးများကို နေ့စဉ် အမှိုက်သိမ်းဆည်းပေးရမှာဖြစ်သည့် အတွက် (၁)လလျှင်(၂၅၀၀၀)ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း UBL ကုမ္ပဏီမှ ဦးဘိုလေး၏ ရှင်းလင်းပြောပြချက်အရ သိရသည်။
ပုံများကိုကြည့်ရန်