တောင်တန်း သာသနာပြု(ဗဟို) ကျောင်းတိုက် ဆရာတော် သက်တော်(၈၄)ပြည့် ၀ိဇာတမွေးနေ့ ကျင်းပ

တောင်တန်း သာသနာပြု(ဗဟို) ကျောင်းတိုက် ဆရာတော် သက်တော်(၈၄)ပြည့် ၀ိဇာတမွေးနေ့ ကျင်းပ
မေ 18, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်၏ ဦးစီးပဓာန၊ နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တရေ၀တ(ဓမ္မာစရိယ)၏ သက်တော် (၈၄)နှစ်ပြည့် ၀ိဇာတမွေးနေ့ အလှူတော် မင်္ဂလာအဖြစ် ယနေ့ ၂၀၁၅ခုနှစ် မေလ(၁၈)ရက် နံနက်ပိုင်းက အလှူအပေါင်းတို့အတွက် ရေစက်သွန်းချတရားတော်နာယူမှု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး၏ (၈၃)နှစ်ပြည့် ၀ိဇာတမွေးနေ့ အလှူတော်မင်္ဂလာတွင် မေလ(၁၆)ရက်နေ့မှ ယနေ့မေလ(၁၈)ရက်နေ့ထိ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဇနီး ဒေါ်အေးသန္တာကျော်၊  မြို့နယ်ဂေါပကအဖွဲ့ ဥက္ကဌ သုဓမ္မမဏိဇောတဓရ ဦးမောင်လေး အပါအ၀င် အလှူရှင်များ ၊ ကျောင်းဝေယျာဝစ္စအဖွဲ့များ လာရောက်ခဲ့ကြပြီး ဆရာတော်ဘုရားကြီးအား ကြည်ညိုဦးခိုက်ကာ တရားတော်များကို နာယူခဲ့ကြသည်။

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးသည် တာချီလိတ်မြို့ဝမ်ကောင်းရပ်ကွက်၊ တောင်တန်း သာသနာပြု(ဗဟို) ကျောင်းတိုက်တွင် မိဘမဲ့ ကလေးသူငယ်များအား ကြည့်ရှုစောင့်ရှောက်၍ ပညာများသင်ကြားပေးပြီး သာသနာအကျိုးကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်တော်မူလျှက်ရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~