မူးယစ်ဆေးဝါး ရှာဖွေရေး အနံ့ခံခွေးဖြင့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး ရှာဖွေရေး အနံ့ခံခွေးဖြင့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
မေ 25, 2015
By Tachileik News Agency

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဂျောပရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါး အနံ့ခံခွေးဖြင့် စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၁၉၇၀)ပြားကို သယ်ဆောင်လာသူနှင့်အတူ ယနေ့ မေလ(၂၅)ရက် နံနက်(၉း၃၅)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေး စခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဂျောပရွာဘက်မှ အားဗြေး(ကျား)မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေရမိရာတွင် အားဗြေး(ကျား)မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးရှာဖွေရေး အနံ့ခံခွေး မောင်တီ ဖြင့် စစ်ဆေးရှာဖွေရာမှ ဆိုင်ကယ်၏ ဒူးကာနှစ်ဘက်ကြား လေစစ်ဗူးအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၉၇၀)ပြားကို ရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၄၉.၂၅)သိန်း တန်ဖိုးရှိကြောင်း နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ အားဗြေး(ကျား)နှင့် လော်တဲ့တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~