ရွှေလီစစ်ဆေးရေး(၂) စီမံချက်ဖြင့် ကွတ်ခိုင်၌ ငွေကျပ်(၂၀၂.၈)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရွှေလီစစ်ဆေးရေး(၂) စီမံချက်ဖြင့် ကွတ်ခိုင်၌ ငွေကျပ်(၂၀၂.၈)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မေ 14, 2015
By Tachileik News Agency

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် ကွတ်ခိုင်မြို့တွင် ငွေကျပ် (၂၀၂.၈)သိန်းတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မေလ(၁၃)၇က်နေ့ ညနေပိုင်းက ရွှေလီစစ်ဆင်ရေး (၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မေလ(၁၃)ရက် (၁၆း၀၀)နာရီအချိန်က ကွတ်ခိုင် - တာမိုးညဲ သွား ကားလမ်း၊ ကွတ်ခိုင်အထွက် စက်သုံးဆီ အရောင်းဆိုင်အနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် တာမိုးညဲဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ နေဇာရှိန်း(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ၎င်း၏ ကျောပိုးအိတ်အတွင်မှ ကျပ်(၂၀၂.၈)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းရမိတာ ဖြစ်ကြောင်း ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ သိရသည်။

နေဇာရှိန်း၏ ကျောပိုးအိတ်အတွင်းမှ ကျပ်(၈၅.၈)သိန်းခန့် တန်ဖိုးရှိပြီး အလေးချိန် (၄၂၉)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်များ နှင့် ကျပ်(၁၁၇)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၅၈၅၀)ပြားတို့ကို ရှာဖွေတွေ့ရှိရာ ကျပ်(၂၀၂.၈)သိန်းခန့် ရှိကြောင်း အဆိုပါ မူးယစ်အဖွဲ့မှ သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ နေဇာရှိန်အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မယ(ပ)၄၃/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~