မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ပြုလုပ်သော၂၀၁၅ခုနှစ်၏ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား)၊ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ မေလ(၁၈)ရက် နေ့လည်ပိုင်းက စတင်ကျင်းပရာ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၁၂)သင်း ပါဝင်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အလွတ်တန်း ဖူဆယ်ဘောလုံးအသင်းများ အနေဖြင့် Sky Light FC ၊ မိုင်းဖြတ် FC ၊ Sbobet FC (A)၊ Sbobet FC (B)၊ Aung Family Store FC ၊ Gentleman FC ၊ အာခါ FC ၊ Church Of Chrice FC ၊ Young Unity FC ၊ Varinthip FC ၊ Steelman FC နှင့် မေတ္တာမွန် FC စုစုပေါင်း (၁၂)သင်း ပါဝင်ပြီး ပြိုင်ပွဲအား ယနေ့ မေလ(၁၈)ရက်နေ့မှ မေလ(၂၆)ရက်နေ့ အထိ တာချီလိတ်မြို့နယ် မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်သည်။
ပြိုင်ပွဲ၏ အဖွင့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ အမှာစကား နှင့် အားပေးစကား ပြောကြားပြီး ကွင်းအတွင်းသို့ ဘောလုံးအား ကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့ စတင်ကျင်းပသည့် ပြိုင်ပွဲ၏ ပထမပွဲစဉ်တွင် Sky Light FC နှင့် မိုင်းဖြတ် FC တို့ ယှဉ်ပြိုင် ကစားကြရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးထိန်မင်း နှင့် သက်ဆိုင်ရာများ၊ ဒိုင်အဖွဲ့များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ယခုကျင်းပပြုလုပ်သည့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)၊ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲအား တစ်နေ့လျှင် အသင်း(၈)သင်းမှ ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲစဉ်အား နေ့လည် (၁း၃၀)နာရီအချိန်မှ ညနေ(၄း၃၀)နာရီအချိန်ထိ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲအား မေလ(၂၆)ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ